Monday, September 27, 2010

မြန်မာပြည်သို့ ပေးစာများ (၁)

ညီမ-

တကယ်တော့ gtalk မှာပြောတဲ့ အကြောင်းအရာတွေကို လုံးစေ့ပတ်စေ့ သတိမရတော့ဘူး။ နောက်ပြီး အဲဒီတုန်းက ချက်ချင်းပြောလိုက်ပေမယ့် အခု ပြန်စဉ်းစားတော့ သိပ် မမှတ်မိတော့ဘူး။ ဒါကြောင့် ရှပ်နီ၊ ရှပ်ဝါ ကိစ္စကိုပဲ သွားရအောင်။

ထိုင်းနိုင်ငံရေးမှာ ဒီနှစ်ပိုင်းအတွင်း တော်တော်လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။ ဇတ်လမ်းရဲ့ အစက ၂၀၀၅ ခုနှစ်မှာ သက်ဆင် ရဲ့လက်ထက် လဒ်စားမှုတွေကနေ စတယ်။ ဒါကို မကျေနပ်တဲ့ ပညာတတ်မြို့နေ လူတန်း စားက ဆန္ဒပြတယ်။ အဲဒီ အုပ်စုဟာ နောက်အချိန်မှာ ရှပ်ဝါ အုပ်စုဖြစ်လာမယ့် အုပ်စုပေါ့။ ဒါပေမယ့် အဲဒီတုန်း က အ၀ါ မ၀တ်သေးဘူး။ သက်ဆင် ဆန့်ကျင်ရေး အင်အားစု လောက်ပဲရှိသေးတယ်။ လမ်းမပေါ်မှာ ထွက်ပြီး ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေရဲ့ ထုံးစံအတိုင်း အာဏာရ သက်ဆင်က တုတ်တုတ်မှ မလှုပ်ပါဘူး။ ဒါပေမယ့် ဒီမိုကရေ စီ စနစ်ရဲ့ ထုံစံအတိုင်း ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးတယ်။ အဲဒီ ရွေးကောက်ပွဲမှာ သက်ဆင်ပဲနိုင်တာပါပဲ။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ မတရားဘူး၊ မမျှတဘူး လို့ အတိုက်အခံက စွပ်စွဲတော့ သက်ဆင်က နောက်ထပ် ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ကတိပေးတယ်။ ဆန္ဒပြသမားတွေ တောင်းဆိုသလို သူတော့ မနှုတ်ထွက်နိုင်ဘူး ပေါ့။ ဒီ တကြိမ်မှာတော့ အတိုက်အခံပါတီတွေ အားလုံးက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက် တယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ ပါတီတစ်ခုတည်းကပဲ ပြိုင်ရတယ်။ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေမှာ မဲဆန္ဒနယ် တစ်နယ်မှာ ဆန္ဒမဲ ပေးတဲ့သူတွေရဲ့ ၂၀ ရာခိုင်နှုန်းက မဲမထည့်ယင် အဲဒီ လွှတ်တော်အမတ်ကို နိုင်တယ်လို့ မသတ်မှတ်ဘူး။ ဒါကြောင့် လွှတ်တော် နေရာ ၄၀ ရာခိုင်နှုန်းလောက်က အမတ်တွေဟာ နောက်ထပ် ရွေးကောက်ပွဲ ပြန်လုပ်ရမယ့် အနေအထေားကို ရောက်သွားတယ်။ တကယ်တော့ အဲဒီ နေရာတွေဟာ အတိုက်အခံ ဒီမိုကရက်ကို ထောက်ခံတဲ့ နေရာတွေလေ။

ဒီလို နဲ့ နိုင်ငံရေးက အဖြေရှာမရပဲဖြစ်နေတယ်။ သက်ဆင်သာ မနှုတ်ထွက်ယင် အတိုက်အခံတွေကလည်း နောက်ရွေးကောက်ပွဲ ထပ်ကျင်းပလဲ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေတယ်။ သက်ဆင်ကလည်း မနှုတ်ထွက် ဘူးလို့ ခေါင်းမာနေတယ်။ ဒီလို အခြေအနေမှာ စစ်တပ်က အာဏာသိမ်းပြီး သက်ဆင်ကို ဖယ်ပစ်လိုက်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ၂၀၀၆ အာဏာသိမ်းမှုဟာ တခြားဘယ်နိုင်ငံက အာဏာသိမ်းမှုမျိုးနဲ့မှ မတူဘူး။ စစ်တပ်က အာဏာလိုချင်လို့ အာဏာသိမ်းတာ မဟုတ်ဘူး။ နိုင်ငံရေး ဖြေရှင်းချက် တစ်ရပ်ကို လုပ်လိုက်တာလို့ အကို နားလည်တယ်။ ဒါကို အနောက်နိုင်ငံတွေက နားမလည်ဘူး။ စစ်တပ်က အာဏာသိမ်းယင် မကောင်းဘူး ချည်းပဲ စွပ်ပြောနေတော့တာပဲ။

စစ်တပ်က တစ်နှစ်ပဲ အာဏာယူမယ်။ အခြေခံဥပဒေ အသစ်ရေးဆွဲမယ်၊ ပြီးတော့ ရွေးကောက်ပွဲတွေ ကျင်းပပြီး အနိုင်ရတဲ့လူတွေကို အာဏာလွှဲပေမယ်လို့ ကတိပြုတယ်။ တကယ်လဲ တစ်နှစ်ကျော်ကျော်လေးမှာ ရွေး ကောက်ပွဲ အသစ်ကျင်းပပြီး အာဏာကို ပြန်လွှဲပေးခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲမှာ အနိုင်ရတာက သက်ဆင် ဘက်တော်သာ ပြည်သူ့အာဏာ ပါတီလေ။ အဲဒီ ပါတီ အာဏာရတော့ သက်ဆင်ကို စွဲချက်ထားတဲ့ အမှုတွေကို ပြေငြိမ်းအောင်လုပ်တယ်။ သက်ဆင်ဆီက သိမ်းထားတဲ့ ဓန တွေကို ပြန်ပေးဖို့ အားထုတ်တယ်။ သက်ဆင် ကလည်း သူ့လူတွေ အာဏာပြန်ရတော့ ပြည်တော် ပြန်လာခဲ့တယ်။ သက်ဆင် လူတွေ အာဏာပြန်ရလာတယ် ဆိုပေမယ့် သူတို့က နိုင်ငံရေးနယ်ပယ်မှာ လုပ်ချင်သလို လုပ်လို့မရတဲ့ အနေအထားရှိနေတယ်။ စစ်အစိုးရ လက်ထက်ပ ဖွဲ့စည်းခဲ့တဲ့ အာဏာအလွဲသုံးစားမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ရပ်တွေကို အာဏာရ အစိုးရ စွပ်ဖက်လို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ရွေးကောက်ပွဲတုန်းက မဲခိုးမှုတွေ ရှိတယ်လို့ ပြည်သူ့အာဏာ ပါတီအပေါ် စွပ်စွဲမှုတွေလည်း ရှိနေတယ်။ ဒီစွပ်စွဲမှုတွေကို ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ယင် ပါတီ ဖျက်သိမ်းခံရနိုင်တယ်။ ဒါက အသစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ထဲမှာ ထည့်ပြီး ရေးဆွဲထားတယ်။ ဒါကြောင့် သက်ဆင် ဘက်တော်သား ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကို လုပ်ဖို့ကြိုးစားတယ်။ အဲဒီမှာတင် သက်ဆင်လက်ထက်တုန်းက ဆန္ဒပြခဲ့တဲ့ အ၀ါဝတ်တွေက လမ်းပေါ်ပြန်ထွက်လာတယ်။ အဲဒီ အချိန် မှာ သူတို့ ရှပ်ဝါတွေ ၀တ်နေကြပြီ။ ရှပ်ဝါ ဆိုတာ ဘုရင့်ရဲ့ သင်္ကေတ ဖြစ်တယ်။ ဘုရင်ရဲ့ အနှစ် ၈၀ ပြည့် မွေးနေ့တုန်းက အင်္ကျီ အ၀ါတွေကို တစ်နိုင်ငံလုံး ၀တ်ကြဖို့ အဲဒီတုန်းက ၀န်ကြီးချုပ်ဖြစ်တဲ့ သက်ဆင်က လှုံ့ဆော်ဘူးတယ်။ အခု သူ လှုံ့ဆော်ခဲ့တဲ့ အင်္ကျီအ၀ါကို ၀တ်ပြီး သူ့ကို ပြန် စိမ်ခေါ်နေတာ တရားကျစရာတော့ ကောင်းတယ်။

အဲဒီ အုပ်စုဟာ ဒီတစ်ကြိမ်မှာ ဘုရင်းအသိုင်းအ၀ိုင်းနဲ့ မဟာမိတ်ဖြစ်နေပြီ။ နောက်ပြီး တပ်ထဲမှာ ရှိတဲ့ သက်ဆင်ဆန့်ကျင်ရေး အုပ်စုနဲ့ ပေါင်းမိနေပြီ။ ဒါကြောင့် အစိုးရက ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ နောက်ဆုံးမှာ ဒီ ရှပ်ဝါ တွေက ၀န်ကြီးချုပ်ရုံးထိ ၀င်သိမ်းပြီး ၀န်ကြီးချုပ် စမတ်ကို ကန်ထုတ်လိုက်တယ်။ ၀န်ကြီး ချုပ်က ရုံးထိုင်စရာ နေရာတောင် ပျောက်သွားတယ်။ ဒါပေမယ့် ဆန္ဒပြသမားတွေ တောင်းဆိုသလို ၀န်ကြီးချုပ် နှုတ်ထွက်ပေးဖို့၊ အစိုးရဖျက်သိမ်းဖို့ကတော့ မလုပ်ဘူးလို့ ငြင်းဆန်နေတယ်။ ဒီမှာတင် တရားရုံးက ၀န်ကြီးချုပ် ဟာ ၀န်ကြီးချုပ်ရာထူးယူထားစဉ်အတွင်း တီဗီမှာ ဟင်ချက်တဲ့ အစီအစဉ်ကို ရိုက်ကူးခဲ့တယ်၊ အဲဒါကြောင့် သူ့ မှာ အပို ၀င်ငွေရနေတယ် ဆိုပြီး ရာထူးကနေ ဖယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ရေးထားတဲ့အချက်ပဲ။ နိုင်ငံရေးသမား တစ်ယောက်ဟာ နိုင်ငံရေးအရ ရနေတဲ့ လုပ်ခ လစာ အပြင် တခြားဘယ် ကမှ လုပ်ခ လစာ မစားရဘူးဆိုတဲ့ ပြဌာန်းချက် ရှိတယ်။ ဒီလိုနဲ့ စမတ်လဲ ဒိုးသွားတယ်။ စမတ် ပြီးတော့ သက်ဆင် ရဲ့ ယောက်ဖ ၀ုန်စ၀ပ် တက်လာတယ်။ သူ အာဏာရတဲ့ နေ့မှာပဲ ဆန္ဒပြတဲ့ လူတွေက လွှတ်တော် ကို ၀ိုင်းလို့ ရဲ့ မျက်ရည်ယို ဗုန်းနဲ့ ဖြိုးခွဲတာ လူ ၂ ယောက်သေတယ်။ ဒီလိုနဲ့ သူ့ရဲ့ ၀န်ကြီးချုပ်သက်တမ်းကို စ ခဲ့တယ်။ သူ အာဏာရပေမယ်လည်း ဆန္ဒပြသမားတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျော သေးဘူး။ ဒါနဲ့ပဲ နိုဝင်ဘာ လ ကုန်ပိုင်းမှာ အ၀ါဝတ်တွေက လေဆိပ် ၂ ခုကို သိမ်းပစ်လိုက်တယ်။ အဲဒီအချိန်က ၀န်ကြီချုပ်က ဘရာဇီကနေ ပြန်လာမယ့် အချိန်။ သူတို့က လေဆိပ်ကို သိမ်းထားတော့ ၀န်ကြီးချုပ်ရဲ့ လေယဉ်က ချင်းမိုင်မှာ သွား ဆင်းရတယ်။ ဒီအချိန်မှာပဲ တရားရုံးက ရွေးကောက်ပွဲတုန်းက အာဏာရပါတီက မဲခိုးတယ် ဆိုတာ ထင်ရှားကြောင်း ဆုံးဖြတ်တဲ့အတွက် ပြည်သူ့အာဏာပါတီ အဖျက်သိမ်းခံရတယ်၊ ၀န်ကြီးချုပ်အပါအ၀င် ပါတီ ခေါင်းဆောင် ၃၀ ကျော် နိုင်ငံရေးကနေ ၅ နှစ် အပိတ်ပင်ခံရတယ်။ ဒီလိုနဲ့ သက်ဆင် ဘက်တော်သား ပါတီ လည်း အာဏာ လက်လွှတ်သွားတယ်။ ရှပ်ဝါတွေလည်း သူတို့ရဲ့ ရည်မှန်းချက် အောင်ပြီဆိုပြီး ဆန္ဒပြတာကို ရုတ် သိမ်းသွားတယ်။

ဒီနောက်တော့ အတိုက်အခံ ဒီမိုကရက်က လွှတ်တော် အမတ်အများစု ရဲ့ ထောက်ခံမှုနဲ့ အစိုးရဖြစ်လာတယ်။ အယင် ပြည်သူ့အာဏာပါတီက အမတ်တချို့လဲ ညွှန့်ပေါင်းအစိုးထဲမှာ ပူးပေါင်းလာတယ်။ ဒီလိုနဲ့ အဘီဆစ် ၀န်ကြီးချုပ် ဖြစ်လာတော့တာပါပဲ။ ဒီမှာတင် အဘီဆစ် အာဏာရတာကို မကျေနပ်လို့ သက်ဆင်ရဲ့ လူတွေက အနီဝတ်ပြီး လမ်းပေါ်ကို ပြန်ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၉ သင်္ကြန်မှာ အဓိကရုန်းတွေ အကြီးအကျယ်ဖြစ်ပြီး စစ်တပ်က ဖြိုခွင်းလိုက်ရတယ်။ အဲဒီတုန်းက လူ အသေအပျောက် မရှိခဲ့ဘူး။ ၂၀၁၀ မတ်လ မှာ သူတို့ တခါ လမ်းပေါ် ပြန်ထွက်လာပြန်တယ်။ ဒီတစ်ခါတော့ ပွဲက တော်တော်ကြမ်းတယ်။ အဘီဆစ်တောင် အာဏာလက် လွှတ်ဖို့ တဲတဲလေး လိုတော့တယ်။ အနီဝတ်တွေရဲ့ စွပ်စွဲချက်က အဘီဆစ်ဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ အာဏာရတာမဟုတ်ဘူး၊ နိုင်ငံရေး အီလစ်တွေက ထိုးတင်ပေးလိုက်လို့ အာဏာရလာတာလို့ စွပ်စွဲတယ်။ ဒီ စွပ်စွဲချက်ကို အနောက်နိုင်ငံတွေက သံယောင်လိုက်တယ်။ သက်ဆင်ကိုပဲ ဒီမိုကရေစီ ရဲ့ သူရဲ ကောင်းကြီးအဖြစ် ပုံဖေါ်တယ်။ တကြိမ်မှာများ ဆိုယင် သက်ဆင်ကို ထိုင်းနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ခိုင်းနှိုင်းပြီး ပြောတယ်။ ဒါကို ဒေါ်စုကလည်း ဘယ်လို နားလည်မှု လွဲလဲ မသိပါဘူး။ ထိုင်းနိုင်ငံရဲ့ အဲဒီတုန်းက အခြေအနေတွေကို စစ်တပ် အာဏာကိုယူပြီး အခြေခံဥပဒေကို ဇွတ်ရေးဆွဲလို့ အဲဒီ အခြေခံဥပဒေကို မကျေနပ် တဲ့ လူထုက လမ်းပေါ်ထွက်လာတာလို့ ဝေဖန်တယ်။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေဟာ စစ်တပ်က ရေးဆွဲတဲ့အခြေခံဥပဒေကြောင့်မဟုတ်ပဲ၊ အာဏာ ကုလားထိုင်ပေါ်ရောက်လာတဲ့ နိုင်ငံရေးသမားတွေ အာဏာရူးလို့ အခုလို ပြဿနာတွေ ဖြစ်လာရတာလို့ အကိုတော့ မြင်တယ်။ အာဏာရ နိုင်ငံရေးသမားတွေ ကိုယ်ကျိုးရှာပြီး အာဏာအလွဲသုံးစားလုပ်နေမယ်ဆိုယင်တော့ စစ်တပ်က လူထုအကျိုးကို ကာကွယ် ဖို့အတွက် အာဏာသိမ်းတာဟာ တရားတယ်လို့ အကိုယူဆတယ် ညီမ။

တကယ်တော့ အနီဝတ်တွေရဲ့ ခေါင်းဆောင်တွေဟာ သက်ဆင်လက်ထက်က အာဏာရခဲ့တဲ့ နိုင်ငံရေးသမား တွေနဲ့ နောက်လိုက်တွေက နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းက ဆင်းရဲတဲ့ လယ်သမားတွေပဲ။ ဒီ လယ်သမားတွေက သက်ဆင်လက်ထက်တုန်းက ကျေးရွာတွေကို ငွေအဆမတန်ချေးခဲ့တာ၊ ဘတ် ၃၀ နဲ့ ဆေး ကုခွင့်ရတာတွေကို အဟုတ်ကြီးထင်ပြီး သက်ဆင်ကို ထောက်ခံနေတဲ့ အုပ်စုတွေဖြစ်တယ်။ တချိုကတော့ သက်ဆင်ရဲ့ လူတွေက နေ့တွက်ပေးပြီး ခေါ်လာတဲ့ လူတွေဖြစ်တယ်။ ဒီလူတွေက ပြည်သူတွေဖြစ်တယ်၊ သူတို့ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေဟာ ပြည်သူ့တောင်းဆိုချက်တွေဖြစ်တယ်ဆိုပြီး ဘန်ကောက်မြို့လယ်ကို ၀င်သိမ်းထားတယ်။ ဒါကို အနောက် မီဒီယာတွေကလည်း ဒီမိုကရေစီအရေး အုံကြွမှုအဖြစ် ရေးသားတယ်။

အဘီဆစ်က အနီတွေ ဘန်ကောက်မြို့ကို ၀င်သိမ်းထားစဉ်အတွင်း အနီခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ ညှိနှိုင်းတယ် ဒါပေမယ့် သဘောတူညီချက် မရခဲ့ဘူး။ သဘောတူညီချက် မရတဲ့အကြောင်းက လွှတ်တော်ကို ဘယ်အချိန်မှာ ဖျက်သိမ်းပေးမယ်ဆိုတဲ့ ကိစ္စမှာ ၂ ဘက် သဘောတူညီချက် မရဘူးဖြစ်သွားတယ်။ အနီဘက်က ၂ ပတ်အတွင်း ဖျက်သိမ်းဖို့တောင်းဆိုပြီး အစိုးရဘက်ကတော့ ၉ လလောက် အချိန်ယူရမယ်လို့ တင်ပြတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲ ပျက်သွားတယ်။ အနီတွေက မြိုလမ်းကို ဆက်သိမ်းထားတုန်းပဲ။ စီးပွားရေးလုပ်ငန်းတွေ အားလုံးလဲ ရပ်သွားတယ်။ ဆန္ဒပြပွဲကလည်း ရပ်မယ့် အခြေအနေမရှိဘူး။ အခြေအနေဟာ တော်တော် စိုးရိမ် စရာကောင်းနေတယ်။ စစ်တပ်ကလည်း ၀န်ကြီးချုပ်သာ သဘောတူယင် ၀င်ရှင်းမယ်လို့ ပြောနေတယ်။ ဒီ အချိန်မှာ ၀န်ကြီးချုပ်ဟာ အချက် ၅ ချက်ပါတဲ့ လမ်းပြမြေပုံကို တင်ပြတယ်။ ဒီ အချက်တွေကို သဘောတူယင် နိုဝင်ဘာလမှာ လွှတ်တော် ဖျက်သိမ်းပေးမယ်လို့ ပြောတယ်။ ဒီအချက် ငါးချက်က နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ မီဒီယာ အစရှိတဲ့ နယ်ပယ်တွေမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ပဲ။ ဒီလို ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ နေရာမှာ သက်ဆင်ဘက်တော်သား အတိုက်အခံတွေ ပါဖို့လိုတယ်။ သူတို့ ပါမှ ဒီလို ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်မယ်လို့ ၀န်ကြီးချုပ်က ပြောတယ်။ ဒါပေမယ့် ဒီအချက် ၅ ချက်မှာ သက်ဆင်အတွက်မပါဘူး။ သက်ဆင် အတွက် ထည့်မစဉ်းစားထားဘူး။ ဒီအချက်ကြောင့်ပဲ နောက်ဆုံးမှာ အနီဝတ်တွေက ၀န်ကြီးချုပ်ရဲ့ ၅ ချက်ကို ပယ်ချလိုက်တယ်။ ဒီလို ပယ်ချတဲ့အခါကျမှ စစ်တပ်က တာဝန်ယူပြီး အနီဝတ်တွေက စရှင်းတယ်။ အနီ ၀တ်တွေထဲမှာ ရှိနေတဲ့ လက်နက်ကိုင်တွေနဲ့ အပြန်အလှန်ပစ်လို့ လူ ၉၀ လောက်သေတယ်။ တစ်ထောင် ကျော် ဒဏ်ရာ ရတယ်။ ဒါနဲ့ပဲ ထိုင်းနိုင်ငံရေး ဒရမ်မာကြီး တစ်ခန်းရပ်သွားတယ်။ ဒါပေမယ့် ဇတ်လမ်းက မပြီး သေးဘူး။ အခု ထက်ပြီး ဗုံးဖေါက်မှုတွေ၊ ဗုံးတွေ တွေ့နေတာတွေ၊ အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေရဲ့ အိမ်တွေ၊ ရုံးတွေကို လောင်ချာနဲ့ ထုတာတွေ ဆက်ရှိနေတုန်းပဲ။ တည်ငြိမ်မှု ရဖို့ ဝေးနေတုန်းပဲ။

ထိုင်းနိုင်ငံရေးဟာ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေအချင်းချင်းကြားမှာဖြစ်တာဖြစ်တယ်။ ဒီနိုင်ငံရေးမှာ စစ်တပ်က အရေးပါသလို၊ ဘုရင်ကလည်း အရေးပါတယ်။ သူတို့ရဲ့ သဘောထား ဆန္ဒတွေဟာ ထိုင်းနိုင်ငံရေး ကို ပုံဖေါ်တဲ့နေရာမှာ အရေးကြီးတယ်။ အနီဝတ်တွေဟာ အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ သက်ဆင်နဲ့ ပတ်သက်မိလို့ ဒီမိုကရေစီ ဘက်တော်သားတွေလို့ ပြောလို့မရတော့ဘူး။ သူတို့ဟာ သက်ဆင်ကိုပဲ အလုပ်အကျွေးပြု မယ့်လူတွေအဖြစ် ဝေဖန်တာကို ခံရတယ်။ ဒါကို နားမလည်တဲ့ အနောက်တိုင်းသားတွေက သက်ဆင်ဘက် တော်သားကို ဆင်းရဲတဲ့ လယ်သမားတွေ သူတို့အခွင့်အရေးကို တောင်းဆိုတာလို့ ပြောတယ်။ ဒါဟာ မှားတယ်။ တကယ်ဆို ၀န်ကြီးချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေး မူ ၅ ချက်မှာ ဆင်ရဲသားတွေရဲ့ ဘ၀ တိုးတက်ရေးကို ဦးတည် ထားတယ်။ ဒါပေမယ့် ဆင်းရဲသားတွေက ဒါကို နားမလည်ဘူး။ သူတို့ ခေါင်းဆောင်တွေ ပြောတာကို မျက်စိ မှိတ်ယုံနေတယ်။ သူတို့ အကျိုးဟာ ဘာလဲ ဆိုတာတောင် နားမလည်တော့လောက်အောင် မှိုင်းတိုက်ခံနေရ တယ်။

ဒီလိုပဲ မြန်မာပြည်သူတွေလည်း နိုင်ငံရေးသမား တစ်စုရဲ့ မှိုင်းတိုက်ခံရခြင်း ကင်းဝေးပါစေ။

အကို

No comments: