Saturday, December 1, 2007

သမိုင်းထဲက သင်ခန်းစာများ "လူထု နှင့်အာဏာ"

ကျော်လင်းဦး

စက်တင်ဘာတော်လှန်ရေးပေါ်ပေါက်ပြီးစအချိန်လောက်မှာပဲ ကျနော်တို့ဘက်မှာ စဉ်းစားချက်တစ်ရပ်ရှိခဲ့ပါ တယ်။ အဲဒီတုန်းက ကိုဌေးကြွယ်အဖမ်းမခံရသေးပါဘူး။ အဲဒါကတော့ ကိုဌေးကြွယ်က ကမကထလုပ်ပြီး ဒေါ်စုတို့၊ ခွန်ထွန်းဦးတို့ပါ ပါဝင်တဲ့ ယာယီ အုပ်ချုပ်ရေးကောင်စီတစ်ရပ်ကိုအမြန်ဆုံးဖွဲ့ပြီး အဲဒီအုပ်ချုပ်ရေး ကောင်စီကို အတွင်းအပြင်မှာရှိတဲ့လူတွေက ထောက်ခံလာအောင်ဝိုင်းဝန်းလုပ်ကြဖို့ဆိုတဲ့ စဉ်းစားချက်ပါ။ အဲဒီစဉ်းစားချက်က အခုအချိန်အထိ စိတ်ကူးယဉ် ဆန်ကောင်းဆန်နေလိမ့်မယ်။ လက်တွေ့နဲ့ကင်းကွာ ကောင်း ကင်းကွာနေလိမ့်မယ်။ အားနည်းချက်တွေလည်း ရှိကောင်းရှိပေလိမ့်မယ်။ဒါပေမယ့် ဒါတွေဟာ တကယ့် ပြဿနာ မဟုတ်ပါဘူး။ တကယ့်ပြဿနာကတော့ လူတွေ ဟာ အာဏာကို ကြောက်တတ်ခြင်း ပါပဲ။

သီအိုရီအရ အာဏာဟာ ပြည်သူ့ထံမှ ဆင်းသက်စေရမည်လို့ဆိုထားပေမယ့် လက်တွေ့မှာတော့ အဲဒီ အာဏာကို လူတစ်စုကသာ ထိန်းသိမ်းစောင့်ရှောက်ထားရမှာဖြစ်ပါတယ်။ အဲဒီလူတစ်စုက ပြည်သူ့အကျိုး စီးပွားကို ထိန်းသိမ်းစောင့်ရှောက်တဲ့လူတစ်စုဖြစ်ဖို့သာအဓိကကျပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများကတော့ ကိုယ်ကျိုးစီးပွားသာကြည့်တတ်လွန်းလို့ သူတို့ကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီလိုဖယ်ရှားတဲ့နေရမှာ အေး အေးဆေးဆေးတောင်းခံနေရတဲ့ ကာလရှိသလို လိုအပ်ယင် အတင်းအဓမ္မတက်ပြီး ဖယ်ရှားပစ်ရမဲ့အခြေ အနေလည်းရှိပါတယ်။ လိုအပ်တာကတော့ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ရဲဖို့ပဲလိုတာ ပါ။

ကျနော်တို့ရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုယင် အဲဒီလို ပြတ်ပြတ်သားသားလုပ်ရဲခဲ့လို့ အောင်မြင်ခဲ့တာတွေ လည်းရှိပါတယ်။ ဥပမာ- ဒုတိယကမ္ဘာစစ်ဖြစ်ခါစလောက်က အဲဒီတုန်းက ဒို့ဗမာအစည်းအရုံးဟာ အင်္ဂလိပ် ကို လွတ်လပ်ရေးပေးဖို့အေးအေးဆေးဆေးတောင်းနေမယ်ဆိုယင် ရချင်မှရမှာပါ။ အင်္ဂလိပ်နဲ့ ဂျပန်စစ်မှာ ဂျပန်ဆီသွားပြီး လက်နက်တောင်း၊ တပ်ဖွဲ့ပြီး အတင်းဝင်တိုက်တဲ့အခါ အင်္ဂလိပ်က ထွက်ပြေးရတဲ့အခြေ အနေကိုရောက်ခဲ့ရပါတယ်။ အဲဒီရဲ့အကျိုးရလဒ်ကတော့ ဒို့ဗမာအစည်းအရုံးဝင်လူငယ်တွေဟာ ဂျပန်ခေတ် မှာ အစိုးရခေါင်းဆောင်တွေဖြစ်လာကြပါတယ်။ ဂျပန်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျနော် တို့ခေါင်းဆောင်တွေတော့ အစိုးရလုပ်ဖူးသွားတာပါပဲ။ အဲဒီကနေတစ်ဆင့် ဒုတိယ ကမ္ဘာစစ်ပြီးတဲ့အခါ အင်္ဂလိပ်က တူတူတန်တန်ထားပြီ ဆက်ဆံလာတယ်။ ဒါဟာ ကျနော်တို့အတွက်အမြတ်ပါပဲ။ ပြောရယင် တော့ ဒို့ဗမာအစည်းအရုံးဝင် လူငယ်တွေဟာ အာဏာရဲ့သဘောသဘာဝကို နားလည်လာကြတယ်။

နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ဟာ မတည်ငြိမ်တော့ဘူးဆိုယင် အာဏာနယ်ပယ်မှာ လေဟာနယ်ပေါ် ပေါက်လာတတ်ပါတယ်။ အဲလို လောဟာနယ် ပေါ်ပေါက်ခဲ့ယင် ဘယ်အဖွဲ့အစည်းက အစားထိုးမလဲ ဆို တာကို စောင့်ကြည့်ရပါတော့တယ်။ အနီးဆုံးဥပမာအဖြစ် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ပေါ်ပေါက်ခဲတဲ့ ၈၈ အရေးတော်ပုံကြီးကို ပြန်ကြည့်ကြရအောင်။ အဲဒီတုန်းက မဆလ အစိုးရဟာ နိုင်ငံကို တည်ငြိမ်အောင် မထိမ်းနိုင်တာနဲ့အမျှ လှုပ်ရမ်လားပါတယ်။ အောက်ခြေက ၀န်ထမ်းတွေကိုယ်၌က အစိုးရကို စိန်ခေါ်လာ ပါတယ်။ အဲဒီထဲမှာ မဆလ ရဲ့အဓိက ကျောရိုးဖြစ်တဲ့ တပ်မတော်သား တစ်ချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တောင် အစိုးရကို ဆန့်ကျင်သပိတ်မှောက်လာကြပါတယ်။ နိုင်ငံရေးဗေဒစကားနဲ့ပြောယင် အာဏာရပ်ဝန်း မှာ လေဟာနယ်ပေါ်လာပြီးပေါ့။ အဲဒီအချိန်မှာ မဆလ ကိုဆန့်ကျင်နေတဲ့ အ၀န်းအ၀ိုင်းကြားမှာတော့ ဖရို ဖရဲဖြစ်နေပါတယ်။ အချင်းချင်းညီညွတ်ရေးကို ကြိုးစားတည်ဆောက်ပေမယ့် မအောင်မြင်ပါဘူး။ ဒါကြောင့် မဆလ ဆန့်ကျင်ရေးအင်အားစုတွေဟာ စုစည်းညီညွတ်တဲ့အားမဖြစ်လာခဲ့ပါဘူး။ တကယ်ဆိုဖြစ်သင့်တာ က မဆလ ဆန့်ကျင်ရေးအင်အားစုတွေဟာ စုစည်းညီညွတ်တဲ့အားအဖြစ်နဲ့ စောစောကပြောတဲ့ လေဟာ နယ်ကို ၀င်ဖြည့်ရမှာဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုကို ဆန့်ကျင်တာမဟုတ်သလို နိုင်ငံရေးအရ တရား ၀င်မှု မ၀င်မှုဆိုတဲ့ ပြဿနာနဲ့လည်း မဆိုင်ပါဘူး။ အဓိက ကတော့ အခြေအနေတစ်ရပ်မှာ လုပ်သင့်လုပ် ထိုက်တာကို လုပ်လိုက်ခြင်းပါပဲ။ အဲဒီလို အစိုးရဆန့်ကျင်ရေးအင်အားစုတွေက လေဟာနယ်ကို မဖြည့်နိုင် တဲ့အခါ စစ်တပ်က အင်းအားစုတစ်ရပ်အနေနဲ့ရှေ့ထွက်ပြီး အဲဒီလေဟာနယ်ကိုဝင်ဖြည့်သွားပါတယ်။ ကျနော်တို့ဘက်ကတော့ သမိုင်းသင်ခန်းစာရဲ့တန်ဖိုးအဖြစ် နှစ်ပေါင်းနှစ်ဆယ်ပေးလိုက်ရပါတော့တယ်။

ကမ္ဘာ့သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဘယ်လိုတော်လှန်ရေးမျိုးမဆို သူ့အလိုအလျှောက်အောင်မြင်သွားတာမျိုးမ ရှိသလို၊ တော်လှန်ရေးအောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ ကံကြမ္မာနဲ့လဲမဆိုင်ပါဘူး။ ကမ္ဘာပေါ်ကနိုင်ငံ တွေမှာ တည်ဆဲအစိုးရတွေ အားနည်းပြီး တိုင်းပြည်ကို ကောင်းကောင်းမအုပ်ချုပ်နိုင်တော့အခါ တော်လှန် ရေးတွေပေါ်ပေါက်ရစမြဲပါ။ ဒီအခါမှာ လက်ရှိအစိုးရထက် ပိုမိုခိုင်မာပြီး၊ ပိုမိုစနစ်ကျတဲ့အဖွဲ့အစည်းတွေဟာ လက်ရှိအစိုးရရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတတ်တဲ့ သဘောသဘာဝရှိပါတယ်။ အဲဒီလို ပိုမိုခိုင်မာပြီး ပိုမိုစနစ်ကျတဲ့အဖွဲ့အစည်းဟာ တော်လှန်ရေးအင်အားစုသာဖြစ်လျှင် တော်လှန်ရေးအောင်မြင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖိနှိပ်တဲ့အင်အားစုက ပဲပုံစံတစ်မျိုးနဲ့ အစားထိုးဝင်ရောက်လာယင် မြန်မာနိုင်ငံမှာလို စစ်အာဏာသိမ်းမှုဖြစ်ပွားလာတော့တာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဖိနှိပ်ရေးအင်အား စုမဟုတ်ပဲ ကြားအဖွဲ့အစည်းတစ်ရပ်ကလည်း အစားထိုးဝင်လာတတ်ပါတယ်။ ဥပမာ အားဖြင့် မနှစ်က ထိုင်း နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ အာဏာရ တက်ဆင်အစိုးရ ကိုထောက်ခံသူလည်းမဟုတ်၊ သူ့ကို ဆန့်ကျင်နေတဲ့ အင်အားစုလည်းမဟုတ်တဲ့ ကြားအဖွဲ့ဖြစ်တဲ့ စစ်တပ်က အာဏာကို တက်သိမ်းသွား တာပါပဲ။

ဒီလိုအဖြစ်အပျက်တွေကို လေ့လာခြင်းအားဖြင့် တော်လှန်ရေးတစ်ရပ်ရဲ့ အဆုံးသတ်အဖြစ် အာဏာ ကိစ္စ ကို မလွဲမသွေထည့်သွင်းစဉ်းစားရတော့မှာဖြစ်ပါတယ်။ တော်လှန်ရေးသက် ကြာရှည်လာတာနဲ့အမျှ၊ တည် ဆဲအစိုးရအတွင်းမှာ မတည်မငြိမ်မှုတွေပေါ်ပေါက်လာတာနဲ့အမျှ၊ ဒီနေ့မြန်မာနိုင်ငံရဲ့ အာဏာ ရပ်ဝန်းမှာ လေဟာနယ်တွေပေါ်ပေါက်လာတော့မှာ မလွဲမသွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး စင်မြင့်ကိုလှမ်း ကြည့်ယင် နအဖ စစ်အစိုးရဟာ အစိုးရအာဏာကို တည်တည်ငြိမ်ငြိမ်ထိန်းထားတယ်ဆိုပေမယ့် သူတို့မှာ မသေချာမရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ တိုင်းပြည်ရဲ့အချိုးအကွေ့တွေရောက်တိုင်းမှာ အစိုးရတိုင်း ဟာ အကြပ်အတည်းက သက်သာဖို့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြရလေ့ရှိပါတယ်။ နအဖ ကတော့ စက်တင် ဘာတော်လှန်ရေးနောက်ပိုင်းမှာ ဒီလိုလုပ်ငန်းစဉ်မျိုးချပြနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် သူတို့မှာရှေ့ဆက် ပြီး ရွေးစရာလမ်းသိပ်များများစားစားမရှိတော့တဲ့ သဘောမှာရှိနေပါတယ်။ ဒါကြောင့်လည်း ရှေ့တိုးပြီးဖိနှိပ် မှုတွေ ဆက်လက်လုပ်နေတာဖြစ်သလို ပြည်သူလူထုဘက်ကလည်း ကျေနပ်စရာတစ်ကွက်မှမရှိတဲ့အတွက် ရှေဆက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေဆက်ဖြစ်နေဦးမယ့်သဘောမှာရှိနေပါတယ်။
လက်ရှိအခြေအနေတွေက ဘာကှိုညွှန်းဆိုနေလဲဆိုယင် မြန်မာနိုင်ငံရဲ့ အာဏာရပ်ဝန်းမှာ လေဟာနယ်တစ် ရပ် အမြန်ဆုံးပေါ်ပေါက်လာတော့မယ်ဆိုတာပါပဲ။ နအဖ ရဲ့ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်းလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေဘက်က လည်း နည်းပေါင်းဆုံးနဲ့ ဆက်လက်ဆန့်ကျင်မှာဖြစ်ပါတယ်။ ဒီအခါ မှာ တိုင်းပြည်အတွင်း တည်ငြိမ်မှုတွေကင်းမဲ့လာကာ နအဖ အတွက်လမ်းဆုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးသမားတိုင်းဟာ အာဏာလေဟာနယ်ကို ဖြည့်ဖို့အခုကတည်းကပြင်ဆင်ထား ရမှာဖြစ်ပါတယ်။ ဒါဟာ စိတ်ကူးယဉ်တာမဟုတ်သလို၊ ကြောက်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒါဟာတာဝန် တစ်ရပ်သာဖြစ်ပါတယ်။ အကယ်၍များ ကျနော်တို့ဘက်က ဒီလိုပြင်ဆင်ထားမှုတွေမရှိဘူးဆိုယင် နောက် ထပ် ဗိုလ်ချုပ်စောမောင်တွေ စစ်တပ်ထဲမှာ ထပ်ပေါ်လာပြီး တိုင်းပြည်နဲ့ ကမ္ဘာကို မျက်လှည့်ထပ်ပြပါလိမ့်ဦး မယ်။ ဒါကြောင့် ကျနော်တို့ဘက်က ခြေတစ်လှမ်းဦးအောင် စထားကြပါစို့။