Tuesday, October 2, 2007

ကြောက်ခြင်း နှင့် မကြောက်ခြင်း

ကျော်လင်းဦး


လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်အတွင်း အရဲရင့်ဆုံး နဲ့ အားရစရာအကောင်းဆုံး ဆန္ဒပြပွဲတွေ ရန်ကုန်မြို့နဲ့ တခြား မြို့ကြီးတွေရဲ့လမ်းမတွေပေါ်မှာ ပေါ်ထွက်လာခဲ့ပါပြီး။ ဒီအထဲမှာ ဦးဆောင်သူတွေနဲ့ ပါဝင်ဆန္ဒပြသူတွေရဲ့ သတ္တိဟာ ကမ္ဘာကတောင် အံ့သြလေးစားရတဲ့ သတ္တိမျိုးဖြစ်သွားခဲ့ပါပြီ။ ဒါဟာ ဒီနေ့ ဆန္ဒပြပွဲတွေနဲ့ လွန်ခဲ့ တဲ့ နှစ်နှစ်ဆယ်က ဆန္ဒပြပွဲတွေရဲ့အဓိကအကြောင်းရင်းဖြစ်ပြီး ကျနော်တို့ရဲ့ အောင်ပွဲဟာ သိပ်မဝေးတော့ ဘူးဆိုတဲ့ လက္ခဏာတွေသာဖြစ်ပါတယ်။

ပြည်တွင်းကလာတဲ့သတင်းတစ်ချို့အရ ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ ဒဏ်ရာရ ရဟန်းတော်တစ်ပါး ကို လူဝတ်မလဲရင် ဆေးကုမပေးနဲ့လို့ စစ်သားတွေက ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ရဟန်း တော်ကလည်း သေချင်သေပစေ၊ လူဝတ်မလဲဘူးဘူးလို့ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျန်းမာ ရေးဝန်ထမ်းတွေက ၀န်ကြီးဦးကျော်မြင့်ကို တိုက်ရိုက်တောင်းဆိုမှ ၀န်ကြီးအမိန့်နဲ့ဆေးကုန်ခွင့်ရတယ်လို့ဆို ပါတယ်။ အင်းစိန် ဂျီတီအိုင်မှာ ထိန်းသိမ်းထားတဲ့ ရန်ဟန်းတော် သုံးရာလောက်ကို သိက္ခာချလူဝတ်လဲရန် ကြိုးပမ်းရာ မအောင်မြင်ပဲရှိပါတယ်။

ဒီလို သတ္တိရှိရှိတုံ့ပြန်တာမျိုးရှိသလို စစ်အုပ်စုဘက်က ဖိနှိပ်မှု၊ ရက်စက်မှုတွေဟာလည်း ပြင်းထန်မောက် မာလှပါတယ်။ ညပိုင်းမှာ ဘုန်းတော်ကြီးကျောင်းတွေကို ၀င်စီးပြီးရဟန်းတော်တွေကိုဖမ်းဆီးခေါ်ဆောင်မှု တွေရှိနေပါတယ်။ ဒီလိုဖမ်းဆီးရာမှာ ၀င်ရောက်ရိုက်နှက်ဖမ်းဆီးတဲ့အပြင် ၀င်ရောက်ဟန့်တားတဲ့ ရပ်ကွက် လူထုကို ပစ်ခတ်မှုတွေအထိရှိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြပွဲတွေပြင်းထန်နေတဲ့ကာလမှာ လမ်း ပေါ်တက်လာယင် အဝေးကနေ စနိုက်ပါ နဲ့လှမ်းပစ်မယ်လို့ သတင်းတွေထွက်ခဲ့ဘူပါတယ်။ ဒါတွေကိုကြည့် မယ်ဆိုယင် နအဖဟာ ဆန္ဒပြတဲ့လူတွေကိုရော ဘုန်းကြီးတွေကိုပါ ကြောက်စိတ်တွေလွှမ်းမိုးအောင်လုပ် ဆောင်နေတယ်ဆိုတာသိသာထင်ရှားလှပါတယ်။ စစ်အာဏာရှင်တွေရဲ့ထုံစံအတိုင်း အားလုံးက ကြောက် သွားအောင်လုပ်ဆောင်နေတာပါ။ ဒါကြောင့် ကျနော်တို့က သူတို့ဖြစ်စေချင်သလို ကြောက်ပြမယ်ဆိုယင် သူတို့ ဘက်အနိုင်နဲ့ပိုင်းသွားမှာပါ။ သူတို့ဘက်က တစ်ခုတည်းသောလက်နက်ဖြစ်တဲ့ ကြောက်ခြင်း တရားနဲ့ ဖိနှိပ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က မကြောက်ခြင်းနဲ့တုံ့ပြန်မှာသာ ဒီပွဲမှာ ကျနော်တို့ဘက် က နိုင်မှာပါ။

ဒီတစ်ခါ ပေါ်ပေါက်တဲ့ လူထုအုံကြွတဲ့ပွဲဟာ လူ့စည်းနဲ့ ဘီလူ့စည်းကို ခွဲခြားလိုက်တဲ့ ပွဲဖြစ်ပါတယ်။ ဒါ ကြောင့် ပြည်ပရောက်မြန်မာကျောင်းသားများကလည်း ဒီတစ်ပွဲမှာ ပြည်တွင်းက အဖိနှိပ်ခံပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ဖို့လိုအပ်ပါတယ်။ ၈၈ ခုနှစ်အလွန်ကာလတွေမှာ တက္ကသိုလ်ကျောင်းသားတွေကို ဖိနှိပ်တဲ့အနေနဲ့ ကျောင်းသားတွေရဲ့အခန်ကဏ္ဍကို ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ကျေးဇူးရှင် စာသင် သားရဟန်းသံဃာတော်များကို ဖျက်ဆီးနေပြန်ပါပြီ။ ဒါကြောင့် ဒီတစ်ပွဲမှာတော့ ကျနော်တိုဘက်ကလည်း စစ်တပ် နဲ့ စစ်တပ်ဘက်တော်သားတွေကို အတိအလင်းစစ်ကြေငြာပြီးတိုက်မှရတော့မယ့်အခြေအနေပါ။

ဒီအခြေအနေမှာ အားလုံးက ကြောက်ရွံ့ပြီးနောက်တွန့်နေမယ်ဆိုယင် ခင်များတို့ကျနော်တို့ မြန်မာပြည်ရဲ့ အနာဂတ်ကို စစ်အာဏာရှင်တွေရဲ့လက်ထဲကို ၀ကွက်လပ်လိုက်ရတော့မှာဖြစ်ပါတယ်။ ဒါဆိုယင် ခင်များ တို့ဘ၀တွေကို ခင်များတို့မပိုင်တော့ပါဘူး။ သက်ဦးဆံပိုင်ဘုရင်တွေလိုပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေက သာပိုင်ပါတော့တယ်။ ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနဲ့ စည်းစည်းလုံးလုံးညီညီညွတ် ညွတ်နဲ့ စစ်အာဏာရှစ် စနစ်ဆိုးကို ရဲရဲရင့်ရင့်ရင်ဆိုင်ကြပါစို့။ ပြီးတော့ မကြောက်ခြင်းနဲ့ ပြန်လည်တုံ့ပြန် ကြပါစို့။