Tuesday, June 1, 2010

အချစ်

သူမကို ချစ်မိနေပြီမှန်း ကျနော့်ကိုယ် ကျနော်သိလိုက်ပြီ။ ဒီလို ခံစားချက်မျိုး အယင်တစ်ယောက်တုန်းကလဲ ဖြစ်ခဲ့ဘူးသည်။ သို့သော် ထိုတစ်ယောက်မှာ ချစ်သူရှိနေပြီမို့ ကျနော် နောက်ဆုတ်ခဲ့ရသည်။ အခုထက်ထိ ထိုတစ်ယောက်နဲ့ ကျနော်က အရင်းနှီးဆုံး သူငယ်ချင်းတွေ အဖြစ် ဆက်ရှိနေသည်။ ဒါပဲ ကောင်းပါသည်။

x x x x x x

အသက်အရွယ်ကြောင့်လားတော့ မသိ။ ကျနော့် စိတ်ဓါတ်တွေ သိပ်မတက်ကြွတော့တာတော့ အမှန်ပါပဲ။ လွန်ခဲ့တဲ့ လေး ငါးနှစ်ကဆို ဒီလို ကိစ္စမျိုး တွေ့ကြုံလာယင် ခံစားပြစ်လိုက်မည်။ ၀မ်းနည်းချင်လည်း ၀မ်း နည်းပြစ်လိုက်မည်။ အခုတော့ ကျနော့် ခံစားချက်တွေကို တိတ်တိတ်လေး သိမ်းထားပြစ်လိုက်ဖို့ ဆုံးဖြတ် လိုက်သည်။ အသက်အရွယ်က စကားပြောလာပြီလားမသိ။

သူမ နဲ့ ကျနော် စတွေ့စဉ်က သာမန် ရိုးရိုး ခင်မင်မှုပါပဲ။ ရိုးရိုးကနေ ဆန်းဆန်းဖြစ်လာတာကိုပဲ အချစ်လို့ ခေါ်မည်လားမသိ။ ဒါဆိုယင် ချစ်နေမိပြီလို ၀န်ခံလိုက်ရတော့မလိုပင်။ သို့သော် ဒီလို လွယ်လွယ် ၀န်ခံလို့ တော့ မဖြစ်သေးပါ။ ဒါပေမယ့်လည်း သူမက ကျနော် စိတ်ထဲမှာ ရှိနေတာကတော့လည်း အမှန်ပါပဲ။ ကဲ မခက်လား။

အချစ်ဆိုတာ ခက်ခဲတဲ့ အရာမှန်း အစကတည်းက ကျနော်နားလည် ထားပြီသား။ ဒါကြောင့် အမှန်ပြောယင် ကျနော် မချစ်ချင်တော့။ ဒါပေမယ့် သူမက ကျနော် ဘ၀ ထဲကို အလိုလို ၀င်ရောက်လာသည်ကတော့ ကျနော်လည်း ဘာမျှ မတတ်နိုင်။ ကိုယ့်ဘက် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရုံ မှ တပါး တခြားမရှိပြီ။

တကယ်တော့ သူနဲ့ ကျနော့်အကြားမှာ ကွာဟချက်တွေက အတော်ကြီး ရှိနေပြီးသား။ ဒီအထဲမှာ အမြင်သဘောထား တွေ ကွာဟနေတာက အဆိုးဆုံးဖြစ်မည်ထင်သည်။ ဒီလို ကွာဟချက်တွေထဲက တူညီတဲ့ အချက်ကလေးတွေကို ရှာဖို့ လို အပ်မှန်း ကျနော် နားလည်ထားသည်။ ကျနော် သူ့ကို တကယ်ချစ်မိသွားပြီ ဆိုတာ သေချာသွားခဲ့ယင်တော့ သူနဲ့ ကျနော့် ကြားက တူညီမှုတွေကို ရှာယင်း ကွာဟချက်တွေကို နည်း နိုင်သမျှ နည်းအောင် ကြိုးစားဖို့ လိုအပ်မည်ဆိုတာ ကျနော် သိထားသည်။ ဒါကိုက ဘ၀ ပဲ မို့လား။

တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ တူညီတာတွေလဲ ရှိချင် ရှိနေမည်။ မတူညီတဲ့အချက်တွေကလည်း ရှိနေမည်မှာ သေချာသည်။ မတူညီတာတွေကို ညှိယူယင်း တူညီတာတွေကို ကြိုးစားရှာဖွေယင်း နှစ်ယောက်တစ်ဘ၀ တည်ဆောက် ဖို့ လိုအပ်မှန်း ကျနော် နားလည်ထားသည်။ ကျနော့် ဘ၀အတွက် သူမကို ပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပြီ ဆိုယင်ပေါ့လေ။

သူမ ဘက်ကလည်း ဒီအတိုင်းပဲ ရှိစေချင်သည်။ အချစ်ဆိုတာတော့ ဆန်းတော့ ဆန်းကြယ်သား။ ကိုယ်က ချစ်မိနေပြီ ဆိုပေမယ့်လည်း တစ်ဘက်က ကိုယ့်ကို ချစ်ချင်မှ ချစ်မှာ မဟုတ်လား။ တခါတလေ ကိုယ်က မချစ်ပေမယ့် ကိုယ့်ကို နားလည်မှုပေးနိုင်တဲ့သူတွေလည်း ရှိချင် ရှိတတ်တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေ။ ဘာကိုမှ သေချာ တတ်အပ် ပြောလို့မရဘူးဆိုတာတော့ ကြိုတင် နှလုံးသွင်းထားဖို့ လိုအပ်ပေလိမ့်မည်။

မသေချာတာတွေထဲမှာ သေချာတာကတော့ မင်းလေးကို ချစ်လို့ ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုပဲ အမှတ်ရမိသေး တော့သည်။ ဒီလို ဆိုတော့လဲ မသေချာတဲ့ လောကကြီးထဲမှာ သေချာတာတွေကို ကြိုးစား ရှာဖွေယင်း မျှော်လင့်ချက်တွေ ပျောက်ရတော့မလားလို့ စိုးရိမ်သွားမိတာ အမှန်ပါ။ ဒီလိုတော့လဲ ဘယ်ဟုတ်ပါ့မလဲလေ။ မသေချာခြင်းတွေ ကြားထဲမှာ သေချာတာတွေကို ရွေးချယ်ယင်း ဘ၀ကို တည်ဆောက်ရလိမ့်မည်လို့ပဲ ခံယူထားရတော့သည်။

ဘာပဲဖြစ်ဖြစ် အဲဒီ သေချာခြင်းက ကိုယ့်ရဲ့ အချစ်ပဲ ဖြစ်ချင်သည်။ ကိုယ်က ချစ်သလို ကိုယ့်ကိုလဲ ပြန်ချစ် စေချင်တာ ကတော့ ကိုယ့် အတ္တ လို့ပဲ ဆိုရမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာလဲ လူသားပီပီ အတ္တ ဘယ် ကင်းနိုင်ပါ့မလဲ။ နောက်ဆုံးမှာတော့ အကောင်းဆုံးကို ပြင်ဆင်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရုံမှ တစ်ပါး အခြားမရှိပြီ။

No comments: