Friday, December 5, 2008
Thursday, August 21, 2008
ညီမလေး နှင်းနု
သြော်……. ညီမလေး နှင်းနု၊ ခုတော့ဖြင့် ဘယ်ဆီဘယ်ဝယ်ကိုရောက်နေရော့မယ်မသိ။
ဘာလိုလိုနဲ့ ညီမလေး အမိ မြန်မာပြည်ကထွက်ခွာသွားတာ ဆယ်စုနှစ်တစ်ခုတောင်ရှိရော့မယ်။ ကိုယ်လဲလေ ဘာထူးလို့လဲ။ သူနဲ့ မရှေးမနှောင်းပဲ မြန်မာပြည်ကထွက်ခွာလာခဲ့မိသည်။ ခုတော့ဖြင့် ကိုယ့်တို့လွမ်းလွန်းလှသော အမိမြန်မာပြည်ကြီး ပြန်ဖို့လမ်းက ဘယ်ဆီဘယ်ဝယ်မှာရှိနေသည်မသိ။ ထို့အတူ ညီမလေးနှင်းနုလည်း ဘယ်ဆီဘယ်ဝယ်သို့ရောက်နေသည်မသိ။
- - - - -
` အကို . . . . ညီမ ပညာတွေဆက်သင်ချင်တယ်´
` ပညာ ဆက်သင်ချင်ယင် . . . . ကြိုးစားပေါ့ ညီမရယ်´
` အင်းဟုတ်တယ်. . . နိုင်ငံခြားထွက်မှပဲ ကျောင်းဆက်တတ်လို့ရမှာ။ ဒီမှာက ကျောင်းတွေက ဖွင့်လိုက် ပိတ်လိုက်နဲ့´
သူတစ်နေရာဆီကို တွေတွေလေးငေးကြည့်နေယင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။
` အကို သိလား. . . ညီမတော့လေ ပညာတွေသင်ပြီးယင် ဒီကိုပဲပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်အလုပ် လုပ် ချင်တယ်´
`ကောင်းတာပေါ့ ညီမရယ်။ နောင်တစ်ချိန်မှာ လူငယ်ပညာတတ်တွေ အများကြီးလိုလာမှာ။ အဲဒီအချိန်မှာ ညီမတို့ အကိုတို့ ပညာ တွေ တတ်ထားတော့ တစ်တတ်တစ်အားပေါ့ ညီမလေးရယ်´
ထိုနေ့က အင်းလျားကန်စောင်းတွေ နေညိုသည်အထိ ထိုင်ဖြစ်ကြသည်။ ထို့နောက် တစ်ပတ်အကြာတွင် University of Wisconsin မှ ကျောင်းလက်ခံစာရပြီးနောက် သူလဲ ကျောင်းတတ်ဖို့ကိစ္စတွေနှင့် ရှုတ်ရှက်ခက်သွားတော့သည်။ ကျနော်နှင့် သူ သိပ်မတွေ့ဖြစ်တော့။ သူ့ ပက်စပို့ရရှိရေး၊ ဗီဇာရရှိရေးတို့ကို သူ့အိမ်မှလိုက်လုပ်ပေးနေသဖြင့်လဲ ကျနော်နှင့် တွေ့ခွင့်မသာတော့။ ထိုအချိန်က ကျနော်တစ်ယောက်တည်းသာ ငေါင်စင်းစင်းနှင့် အင်းလျာကန်ဘောင်ဘေးတွင် သွားသွားထိုင်ဖြစ်သည်။
+ + + + +
သူမသွားခင် တစ်ရက် သူတို့အိမ်တွင့် နှုတ်ဆက်ပွဲကျင်းပသည်။ ထိုပွဲအတွက် ကျနော်ကိုလဲ လာဖို့ဖုန်းဆက်ပြီးဖိတ်ရှာသည်။ သို့ သော် ကျနော့်မှာ သူ့အိမ်သို့ သွားဖို့ရာ ချီတုံချတုံဖြစ်နေသည်။ သူ့အိမ်သို့တစ်ခါမှ မရောက်ဖူးဘူး၊ ထို့ပြင် သူတို့မိသားစု၊ အထူးသ ဖြင့် သူ့မိဘများက ကျနော်လာတာကို နှစ်သက်ပါ့မလားဆိုတာကို ကျနော်သေချာစဉ်းစားရသည်။ သူမသွားခင် သူနဲ့လဲတွေ့ချင် သည်။ သူတို့က ဘာသာခြားတစ်ယောက်ဖြစ်သော ကျနော့်ကို သိပ်မပတ်သက်စေချင်းမှန်း အကြမ်းဖျင်းတော့သိထားသည်။ ထို့ပြင် အခု သူတို့သမီးက နိုင်ငံခြားမှာ ပညာသွားသင်မယ့်သူ။ ကျနော့်အခြေအနေက ခုထိ ဘာမှန်းညာမှန်းရေရေရာရာမရှိသေး။
သို့သော် ဘာပဲဖြစ်ဖြစ် ကျနော် စွန့်စားပြီး သူ့အိမ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူကလဲ လာခဲ့ဖို့သာပြောပြီး သူ့မိဘတွေကိုလဲ ကျနော် လာမည့်အကြောင်းပြောထားပြီးပြီဟုဆိုသည်။
x x x x x x
ထိုနေ့ ညနေခင်းသည် ထင်တာထက် ပို၍ချမ်းမြေ့ဖို့ကောင်းသည်။ နှုတ်ဆက်ပွဲဟုသာဆိုတော့လဲ မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ် တွေသာရှိသည်။ အပြင်လူဆို၍ ကျနော်တစ်ယောက်တည်း။ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်တွေကိုတောင် မဖိတ်။ ကျနော်က ဘာ လို့မဖိတ်တာလဲ ဆိုတော့ `ဒါက မိသားစုပွဲ သက်သက်ပါ´ ဟုဆိုသည်။
သူ့အမေက အိမ်အနောက်ဘက်တွင် စားပွဲတွေပြင်နေတုန်း ဧည့်ခန်းထဲမှာ သူရယ်၊ သူ့အဖေရယ်၊ ကျနော်ရယ် ထိုင်ပြီး စကား ပြောဖြစ်သည်။ သူ့အဖေက ကျနော်မိဘ နာမည်နဲ့ အလုပ်အကိုင်တွေကို မေးပြီး ကျနော့် ဘ၀ ရည်မှန်းချက် စတာတွေကို ပြော ဖြစ်ကြသည်။ ခဏ နေတော့ သူ့အမေ၀င်လာပြီး စားဖို့အဆင်သင့်ဖြစ်ကြောင်လာပြောလေသည်။ သို့နှင့် သူတို့ မိသားစုရယ်၊ ဆွေ မျိုးများရယ်၊ ကျနော် ရယ် စာပွဲရှည်ကြီးတွင်း ၀ိုင်းထိုင်ယင်း သူ့အမေ၏ လက်ရာ အသုတ်စုံကို စားကြလေသည်။ သူတို့မိသားစုမှာ ကျနော်ထင်ထားသည် ထက် ပိုမိုဖေါ်ရွေကာ ကျနော့်အတွက်တော့ ကြည်နူးစရာတွေသာဖြစ်တော့သည်။ သူ့ ညီမလေးနှင့် မောင် လေးကလဲ ကျနော့်ကို ခင်ခင်မင်မင် ပြုံးပြရှာသည်။ သမီးအကြီးဆုံးတစ်ယောက် နိုင်ငံခြားသို့ ပညာတော်သင် သွားမည့်အတွက် အားလုံးက ဂုဏ်ယူမဆုံး လည်း ရှိနေကြဟန်တူသည်။
အသုတ်စုံကြိုတ်တတ်သော ကျနော့်အတွက် သူက နောက်တစ်ပွဲပြင်ပေးသောအခါ အားလုံးက အကဲခတ်သလို ကြည့်နေတာကို ကျနော် သတိထားလိုက်မိသည်။ အားလုံးစားသောက်ပြီးသောအခါ အားလုံးက သူ့အုပ်စုနဲ့သူ စကားတွေပြောဖြစ်နေကြသည်။ သူ့ အဖေက ကျနော့်ကို အေးအေးဆေးဆေးပေါ့ ကွာဟု တစ်ခွန်းသာပြောယင် သူ့ဆွေမျိုးများနှင့် စကားကောင်းနေတော့သည်။ ကျနော် နှင့် သူကသာ ဧည့်ခန်းက ဆက်တီမှာ ထိုင်ယင်း ဘာဆက်ပြောရမှန်းမသိပဲ ငုတ်တုတ်ထိုင်နေမိသည်။ ခဏကြာတော့ သူက အိမ်ရှေ့ဘက် ခဏထွက်ရအောင်ဟု ဆိုယင်း ခြံထဲက အုတ်ခုံလေးပေါ်မှာ နှစ်ယောက်တည်း ထိုင်မိကြသည်။
သူနှင့်ကျနော် ဘာသာမတူသဖြင့် မိဘတွေက မကြည်ဖြူချင်ကြောင်း သိထားသော ကျနော့်မှာ ဖေါ်ရွေလွန်းပြီး နားလည်မှုအပြည့်ရှိ သော သူ့မိဘတွေကို တွေ့ရတော့ မယုံနိုင်လောက်အောင် ဖြစ်ရသည်။ သူကလဲ ကျနော့်အကြောင်း သူ့မိဘတွေကို တစ်စွန်းတစ်စ မက ပြောထားနှင့် ပြီးဖြစ်လိမ့်မည်။ ထို့အပြင် နိုင်ငံခြားသို့ ပညာတော်သင်သွားတော့မည့် သူတို့ သမီးကြီးအပေါ်တွင်လဲ စိတ်ချယုံ ကြည်မှု ရှိထားပုံရသည်။ သူတို့ မိသားစုအတွင်း အရာရာ ပွင့်ပွင့်လင်းလင်းရှိမှုကပင် ကျနော့်အတွက် အထင်ကြီးလေးစားစရာဖြစ် သည်။
ကျနော့် ကိုယ်၌ကလဲ သူ့ကို စိတ်ချမ်းသာစေချင်သည်။ ဝေးရပ်မြေကို ထွက်သွားရမှာဖြစ်ပေမယ့် သူလိုလားသော ပညာရေးကိုရှာ ဖွေရန်သွာမှာ ဖြစ်သည့်အတွက် ကျနော် ကျေနပ်ရသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း အကောင်းအထည်ဖေါ်ရာတွင် ကျနော်တစ် ယောက်တည်းအတွက်တော့ ဖြင့် နောက်ဆံမတင်းစေချင်။ သူပျော်လျှင် ကျနော် ကျေနပ်ရမည်ပေါ့။
အုတ်ခုံလေးပေါ် ထိုင်မိကြယင် နှစ်ဦးသား အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြသည်။ တစ်အောင့်ကြာမှ သူက စတင်၍
` အကို . . . ညီမ မသွားခင် တစ်ခုခုပြောဦးလေ´
`ညီမ ကျန်းမာရေးကို ဂရုစိုက်၊ ပြီးတော့ စာကိုလည်းကြိုးစား´
ကျနော်ပြောလိုက်တော့ သူ့မျက်နှာလေး ညှိုးကျသွားပြီး နှုတ်ခမ်းလေးခပ်စူစူဖြစ်သွားရသည်။ သူပြောစေချင်သည်မှာ ဒီစကားတွေ မဟုတ်မှန်း ကျနော် နားလည်လိုက်သည်။
`အကို့ကို ညီမ seriously ပြောစရာရှိတယ်´
ကျနော်က ဘာလဲ ဟူသောသဘောဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
`ညက ဖေကြီးတို့၊ မေကြီးတို့နဲ့စကားပြောဖြစ်တယ်။ အဓိကတော့ ညီမရဲ့ အိမ်ထောင်ရေးကိစ္စ ကိုပြောဖြစ်ကြတာပါ။ ညီမက အခု ဟိုကိုရောက်ယင် Bachelor စတက်ရမှဆိုတော့ အနည်းဆုံးလေးနှစ်ကြာဦးမှာ။ ပြီးတော့ တကယ်လို့များ အခွင့်အရေးရယင် further studies လဲ ဆက် တတ်ချင်တတ်ဦးမှာဆိုတော့ ဘယ်လောက်ကြာမယ် မသိဘူး။ အဲလိုနဲ့ ဆက်စပ်ပြောယင်း ညီမရဲ့ အိမ် ထောင်ရေးကိစ္စကိုရောက်သွားတာ။ သူတို့က ညီမကို ဘာသာခြားနဲ့ လက်မထပ်စေချင်ဘူး၊ လူမျိုးမတူတာက သိပ်ပြဿနာမရှိပေ မယ့် ဘာသာချင်း မတူတာကိုတော့ လုံးဝ လက်မခံနိုင်တဲ့အကြောင်းဝိုင်းပြောကြတယ်။´
ဒီတစ်ခါ ငြိမ်သွားရသူကတော့ ကျနော်ရယ်ပါ။
သူနဲ့ ကျနော်ကြားမှာ ဘာသာတရားဟာ အခရာ ဖြစ်လာမယ်မှန်း ဟိုးအယင်ကတည်းက သိထားပေမယ့် အခုလိုပြောလာတော့လဲ ကျနော် မှာဖြေစရာ ဘာမှမရှိဖြစ်ရသည်။ ဒီလိုအချိန်မျိုးကို ရောက်လာမယ်မှန်း အစကတည်းက ကြိုသိထားပေမယ့် တကယ်တမ်း ရောက်လာတော့လဲ ကျနော့်မှာ ပြန်ပြောစရာ အဆင့်သင့်မရှိခဲ့။ သို့နှင့် သူကိုသာ တွေတွေကြည့်ယင်း ကျနော့်မျက်ရည်တွေကို အားတင်း သိမ်းဆည်းမိခဲ့သည်။ သူ့မျက်ဝန်းတွေမှာလဲ မျက်ရည်ကြည်တွေဥနေတာ တွေ့လိုက်ရပေမယ့် ကျနော် မျက်နှာလွှဲခဲ့မိ သည်။
= = = = = =
သူ နိုင်ငံခြားသို့ ထွက်သွားပြီး မကြာခင် ကျနော်လဲ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပညာသင်ခွင့်ရသည်။ ပညာသင်ခွင့်ပြီးဆုံးတော့ ထိုင်း နိုင်ငံတွင်ပင် အခြေချယင် ဘ၀ ကိုလှုပ်ရှာရုန်းကန်နေမိသည်။ တစ်ခါတစ်ခါတော့လဲ သူကို သတိရမိသည့်အခါများရှိသည်။ သိုသော်လဲ သူကတော့ ဘယ်ဆီဘယ်ဝယ်ရောက်ပြီမှန်းမသိ။
သူနှင့် ကျနော့် ကြားမှာ ဘာသာရေးအရ ခြားနားခဲ့သည်မှာ မှန်သော်လည်း ထိုအရာများမှာ ကျနော်တို့ ဖန်းတီးခဲ့သည်မဟုတ်။ကံ ကြမ္မာတရားကသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူရော ကျနော့်တွင်ပါ အပြစ်မရှိ။ သို့ဆိုလျှင် ဘာသာခြားကို မယူရဟု ပညတ်ထား သော သူ့မိဘတွင်ရော အပြစ်ရှိသလားဟု ဆိုမူ အပြစ်မရှိ။ သူတို့ကလဲ သူ့သမီး၏ စိတ်ချမ်းသာရေးကို ရှေးရှု၍ ပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။ ဘာသာမတူသူအချင်းချင်း လက်ထပ်၍ အိမ်ထောင်ရေး အနိဌာရုံများ ခံစားခဲ့ရသူတို့ ကျနော့်တို့ရှေ့တွင်ရှိနှင့် နေ ပေလိမ့်မည်။ သို့သော် ကျနော်တို့အလှည့်တွင် ထိုသို့ ဖြစ်မည်ဟုတော့ တထစ်ချ ပြော၍မရ။ သို့သော် အားလုံးကတော့ ပြီးဆုံးသွား ခဲ့လေပြီ။
သူလဲ အခုလောက်ဆို ဘာသာတူသူတစ်ဦးဦးနှင့် ပျော်ရွင်စွာ ပေါင်းဖက်နေပေလိမ့်မည်။ ကျနော့်မှာတော့ ဘာသာမတူ၊ လူမျိုးမတူ သော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် အမိမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ် တင်ရုံမှလွဲ၍ အခြားမည်သည့် နည်းလမ်းမှဖြေသိမ့်စရာ ရှိတော့မည် မဟုတ်ပေ။
Friday, July 11, 2008
အကယ်၍(IF)
အကယ်၍များ
ကနောင်မင်းသားကြီး
လုပ်ကြံမခံရပဲ
ရေမြှပ်ဗုံးသာတီထွင်နိုင်ခဲ့ယင်။
အကယ်၍များ
ယောအတွန်းဝန်ဦးဘိုးလှိုင်ရဲ့
ရာဇာ့သင်္ဂဟဒီပနီကျမ်းဟာ
ကျနော်တို့ရဲ့ပထမဆုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခဲ့ယင်။
အကယ်၍များ
ဗိုလ်ချုပ်အောင်ဆန်းသာ
လုပ်ကြံမခံရပဲ
ဒီမိုကရေစီအုပ်မြစ်ကို
ခိုင်ခိုင်မာမာချပေးနိုင်ခဲ့ယင်။
အကယ်၍များ
ဗိုလ်နေ၀င်းနဲ့ ဗိုလ်ဇေယျ
ကာကွယ်ရေးဦးစီးချုပ်လုပွဲမှာ
ဗိုလ်ဇေယျဘက်အနိုင်ရခဲ့ယင်။
အကယ်၍များ
ဦးနုရဲ့ `နုမူ ၁၄ ရပ်´
အနှောက်အယှက်ကင်းကင်းနဲ့
အကောင်အထည်ပေါ်ခဲ့ယင်။
အကယ်၍များ
၆၂အာဏာသိမ်းပြီးနောက်
စစ်တပ်ထဲက တိုင်းချစ်ပြည်ချစ်များ
ပြန်လည်အာဏာသိမ်းနိုင်ခဲ့ယင်။
အကယ်၍များ
အုန်းကျော်မြင့်တစ်ယောက်
ဗိုလ်နေ၀င်းကို
အောင်အောင်မြင်မြင်
လုပ်ကြံသုတ်သင်နိုင်ခဲ့ယင်။
အကယ်၍များ
၈၈ မှာ
ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး နဲ့ဒေါ်စုတို့
စည်းစည်းလုံးလုံးနဲ့
ကြားဖြတ်အစိုးရဖွဲ့နိုင်ခဲ့ယင်။
အကယ်၍များ
၈၈ စက်တင်ဘာမှာ
စစ်တပ်က
ပြည်သူ့ဘက်က
မားမားမတ်မတ်ရပ်ခဲ့မယ်ဆိုယင်။
အကယ်၍များ
နအဖက
ရွေးကောက်ခံနိုင်ငံရေးပါတီကို
ကြည်ကြည်ဖြူဖြူ
အာဏာလွှဲပေးခဲ့ယင်။
ဒါမှမဟုတ်
အကယ်၍များ
၉၀ ရွေးကောက်ပွဲအပြီး
ဂန္ဒီခန်းမမှာ
လွှတ်တော်ခေါ်နိုင်ခဲ့မယ်ဆိုယင်။
အကယ်၍များ
၁၉၉၈ ခုနှစ်ကတည်းက
NLD မှာ
Road Map ဆိုတာရှိထားခဲ့ယင်။
အကယ်၍များ
၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးကြီး
အောင်မြင်သွားခဲ့ယင်။
အကယ်၍များ
သူတို့ရဲ့ ဖွဲစည်းပုံအခြေခံဥပဒေအတွက်
ဆန္ဒခံယူပွဲမှာ
နအဖဘက်က
ရိုးသားမှုရှိခဲ့ယင်။
ခင်များတို့
ကျနော်တို့ဟာ
အေးချမ်းသာယာပြီး
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ
အေးအေးလူလူ
မှေးစက်အနားယူနိုင်ပြီပေါ့။
ကျော်လင်းဦး (၂၀၀၈)
Wednesday, June 18, 2008
သံသရာ ကမ်းကပ်
မင်းသစ်တည်
သံသရာ ကမ်းကပ်
လှမ်းတက်ရခက်တယ် ဆိုပေမယ့်
သင့်ခြေတစ်လှမ်း….
လက်ကမ်းပေးမယ့် လက်တွေက
သူ.. ငါ.. ကွဲပြား ခြားနားခြင်းမရှိတဲ့
ပရဟိတ အနွေးစိတ်တွေနဲ့
ရွှံထဲ.. ဗွက်ထဲ.. ဒုက္ခသည်များရှိရာ
ဖေးကူထူမ သိပ်တိုတဲ့ လူ့ဘ၀မှာ…
ဒုက္ခမရဏကို ပစ်မထားဘဲ
အတူမျှဝေခံစားနိုင်ကြောင်း ပြသကြရအောင်။
ညှိုးနွမ်းခြောက်သွေ့နေပြီးသား သစ်ပင်အိုနဲ့တူတဲ့ လူ့ဘ၀များရှိရာ နာဂစ်ဆိုတဲ့ မုန်တိုင်းယန္တယားကြီး က ထိုသစ်ပင်အိုတွေကိုဘဲ အမြစ်ကဆွဲလှန်ပစ်ခဲ့တယ်။
ကျွန်တော်တို့ဘ၀တွေ အရင်ထဲက မနေပျော်ခဲ့ပါဘူး။ စားဖို့သောက်ဖို့နဲ့ လူ့လောကမှာ ခြေထောက် နှစ်ချောင်း မားမားမတ်မတ်ရှိနေဖို့ကိုပဲ အသက်ရှင်နေရတာပါ။ အခုဒီဘ၀လေးကိုဘဲ “လှိုင်းကြက်ဖ”လို့ခေါ်တဲ့ လှိုင်းလုံးတွေက ပင်လယ်ဖက်ဆီမှ တစ်လှိုင်း၊ မြစ်ဝဖက်ဆီမှ တစ်သွယ် ၀င်ရောက်တွန်းချလို့ အသိုက်တွေလဲ ကွဲခဲ့ရပါပြီ။ ရင်နဲ့ဖွားခဲ့ရတဲ့ သွေးရင်းသားရင်း၊ ဘ၀ခရီးကြမ်းကို အတူတူဖြတ်နေကြရတဲ့ ဇနီးမယား၊ လင်ယောကျာင်္း၊ တစ်အူတုံဆင်း ညီရင်းအကို မောင်နှမတွေ၊ ကြည့်စမ်းပါ…. ၀ိညာဉ်မဲ့သွားတဲ့ သူတို့ရဲ့ခန္တာတွေ မျက်စိစုံမှိတ်၊ ရှိလက်စအင်အားလေးနဲ့ပဲ ရေထဲမျောကာ မသာချရပေါ့။ ကိုယ့်ကိုကိုယ် ငုံကြည့်မိလို့လည်း မသတီဖို့ အချိန်မရှိ၊ သူများကို ကြည့်မိလို့လည်း အကုသိုလ်စိတ်မရှိ၊ အကုန်လုံး လူရိုင်းလိုလို၊ တာဇံလိုလိုနဲ့ ငိုကြွေးဖို့တောင် ဆွံ့အသွားခဲ့ရပြီ။ အုန်းသီး၊ အုန်းရည်၊ ဆန်မှိုတက်နဲ့ ထမင်းတစ်နပ်ဖြစ်ခဲ့ရရင် ဘ၀ဟာ ကြီးလှ တဲ့ ကုသိုလ်တဲ့လား၊ မိုးပေါ်က ကျလာတဲ့ PH7 နဲ့ ဘီစကစ်၊ ခေါက်ဆွဲခြောက်တို့ကို တုတ်ဆွဲ၊ ဒါးဆွဲ မဖြစ်ရ အောင် ဝေခြမ်းကာ မျက်ရည်လည်ရပေါ့။ သံသရာကမ်းကပ်ရာ လှမ်းတာပေါ့……။
နာဂစ်ကြောင့် မြို့ပြနဲ့ ကျေးရွာ ရေစက်ဆုံခဲ့ရတယ်ဆိုရင် မြို့ပြက ဂရုဏာရှင်များက ကျေးရွာ၊ဇနပုဒ် အလှမ်းဝေးလွန်းလှတဲ့ဆီက ဝေဒနာသည်များရှိရာကို ရောက်ဖူးခဲ့ရပြီ။ စာနာတတ်ခဲ့ရပြီ။ လူဖြစ်ရတဲ့ဒုက္ခကို နားလည်ခဲ့ရပြီ။ ကောက်ရိုးမီးလို ဟုန်းကနဲထတောက်ပြီး ငြိမ်သက်ကာ ပြီးဆုံးသွားမဲ့ ကိစ္စမဟုတ်ကြောင်း သိခဲ့ ရပြီ။ တကယ့်ကို ရင်နာစရာဘ၀များ ပြန်လည်ထူထောင်ရေး နှစ်ရှည်လများ မဟာစီမံကိန်းချရမှာပါ။ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုပေါ်မူတည်ပြီး demand နဲ့ supply ကစကားပြောပါတယ်။
အာဏာရှိမယ်၊ စကားပေါက်ရောက်မယ် ဆိုရင်ဖြင့် မော်တော်ခပ်လတ်လတ် ၁စီးတန်သည်၊ ၂စီး တန်သည်ကို ထားရှိစေလိုပါသည်။ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းမှသည် ပြန်လည်ထူထောင်ရေးအထိ အကူအညီ ပေးလိုကြသည့် စေတနာရှင်များအတွက် ထိရောက်လို့ပါ။ disaster ဒေသတွေမှာ ဆက်သွယ်ရေးလွယ်ကူပြီး အလှူရှင်တွေ သွားရောက်လိုသည့်ဒေသအထိ ပို့ဆောင်ပေးနိုင်ဖို့ပါ။ အလှူရှင်တွေက မြို့ကထွက်ပြီး ကားနဲ့လာ၊ ပြီးမှ မော်တောငှား၊ ထိုအသေးစားမော်တော်(ခေါ်)ပဲ့ထောင်ကလည်း တစ်စီးငှားလျှင် ငွေကျပ် ၃၀၀၀၀၀န်းကျင်နဲ့ သွားလိုသည့်ခရီးအနီးအဝေးကိုလိုက်၍ ဓါတ်ဆီပါပေးရတာပါ။ ဒီတော့ တစ်လကျော်အချိန် အထိ အ၀တ်အစား၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကလွဲလို့ ထွေထွေထူးထူး သယ်မသွားနိုင်ပါဘူး။ သွားရတယ် ဆိုရာ ၀ယ် ပစ္စည်းတန်ချိန်၊ လိုက်ပါတဲ့ လူအရေအတွက်ပေါ်မူတည်ပြီး ပဲ့ထောင်စီးရတာလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ရာသီဥတုဆိုးဝါးပြီး မိုးကြီးလေကြီးတိုက်ခဲ့ရင် အလှူရှင်တွေအတွက်လည်း တကယ့် မလွယ်ကြောပါ။ ခုဆို မိုးဝင်လာပြီဖြစ်လို့ ဒေသဝေး သွားနိုင်တဲ့လူ အရေအတွက်လည်း အနည်းငယ်တော့ ကျဆင်းစ ပြုလာပါပြီ။
ကျွန်တော်တို့သွားခဲ့တဲ့ ဒေးဒရဲအလွန် မြစ်ဝကရွာလေးရွာဖြစ်တဲ့ ညောင်လန်း၊ လိပ်ကျွန်း၊ ဥတို၊ ရေတွင်းကုန်း(ပင်လယ်ဝအနီး) စတဲ့ရွာတွေဆိုရင် ခုချိန်ထိ ထမင်းနပ်မှန်ဖို့ အလျှူရှင်တွေ မျှော်ရတုန်းပါ။ မိုးရွာစ ပြုလာတော့ တပတ်၊ ဆယ်ရက်မှာ ၃ခါလောက်တော့ အလျှူရကြပါတယ်တဲ့။ ဆီလိုအပေါက်ရှာပြီး အပြစ် တင်ချင်နေတာတော့ မဟုတ်ပါဘူး။ အပေါက်တွေဘယ်လောက် များနေလဲဆိုတာ စာဖတ်သူတို့လည်း သိပြီး သားပါ။ တစ်ရွာလုံးပေါင်းမှ အိမ်နှစ်အိမ်ပဲ ကျန်တဲ့ရွာနဲ့။ အားကိုးစရာမဲ့သွားတဲ့ မိအိုဖအိုတွေနဲ့ အိမ်ရယ်လို့သာ ခေါ်နေရတဲ့ အမိုးအကာလေးတွေ လုပ်ထားတဲ့နေရာလေးမှာ မိသားစု လေးငါးစုပေါင်းပြီး နေကြရတဲ့နေရာတွေပါ။ အမိုးအတွက် တာလပတ် ဖျင်ထည်တွေတော့အလုံအလောက်မဟုတ်ပေမဲ့ အနည်းငယ်စီရကြရှာပါသတဲ့။ ဒန်အိုး ဒန်ခွက် နဲ့ ဆေးဝါးအနည်းငယ်လည်း တချို့ရွာတွေမှာ ရကြပါတယ်တဲ့။ ကျွန်တော် ဥာဏ်ပုစွာနဲ့ စဉ်းစားမိပါ တယ်။ ထိုဝေးလံတဲ့ ရွာတွေ၊ ဒေသတွေမှာ ဆက်သွယ်ဆောင်ရွက်ရေးသဘောမျိုး ဖြစ်စေ၊ အချက်အလက် စုဆောင်းဖြန့်ဝေမှုမျိုးဖြစ်စေ၊ လိုအပ်ချက် အကောင်အထည်ဖေါ်ဆောင်ပေးရေးသဘောမျိုး ဖြစ်စေ၊ အမာခံအဖွဲ့ တစ်ဖွဲ့လောက် ထားနိုင်ဘို့ရာ မဖြစ်နိုင်ဘူးလားလို့။ ထိုအဖွဲ့မှတဆင့် မြို့ပေါ်ကို လှမ်းဆက်သွယ်မှုမျိုး ရရှိနိုင် အောင် စီစဉ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
မြို့ပေါ်က စီစဉ်ပေးနိုင်မယ့် ရေယာဉ်အကြီးစားမျိုးနဲ့ တစ်ပတ် တစ်ခေါက်နှုန်းလောက် တည်ဆောက် ရေးအတွက်လိုတဲ့ မျှောတိုင်၊ ၀ါးလုံး၊ အမိုးအကာအမျိုးတွေကို ထိုရွာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပေးပို့နိုင်တာပေါ့။ စီးပွားရေး ဘယ်လိုပြန်လုပ်မလဲလို့ မေးကြည့်တဲ့အခါ ကြောင်အအဖြစ်ပြီး ခပ်ဆိုင်းဆိုင်းဘဲဖြေကြပါတယ်။ ရွာမှာ အလုပ်လုပ်ချင်ရင်တောင် လုပ်ငန်းရှင်မရှိတော့တဲ့အဖြစ်ပါတဲ့။ ကျန်ရစ်ခဲ့တဲ့ ကျွဲတွေ၊ နွားတွေနဲ့ တတ်နိုင်သူ တွေက လယ်ပြန်လုပ်နိုင်အောင် ကြိုးစားကြပေမဲ့ “မျိုးစပါးတွေကလည်း ရေနဲ့အကုန်ပါသွားပြီ၊ ဒီကောင်တွေ ကိုယ်တိုင်က စားကျက်ရှားပြီး ချိနေပြီဖြစ်လို့ ထန်ကုန်ခိုင်းလို့ရ သုံး၊လေးလပါ” တဲ့။ မြို့တက် ကူလီလုပ်မယ် ဆိုတော့လည်း အကိုတို့မြင်ခဲ့တဲ့အတိုင်း ဒေးဒရဲ မြို့ပေါ်ရောက်အောင်သွားဖို့က ၄နာရီလောက် မော်တော်စီး ရမှာတဲ့လေ။ ဘယ်မှာလဲ လမ်းစရိတ်။ သူတို့ထက်ဦး အောင် ကျွန်တော်ပဲ သက်ပြင်းကြိုချလိုက်ပါတယ်။ ဘယ်လိုသံသရာကြီးလည်း ပေါ့နော်…။
ပဲ့ထောင်ပေါ်ကနေ ဟာ…. လယ်ကွင်းတွေက စိမ်းနေပါလားလို့ ရေရွတ်တဲ့အခါ လမ်းပြက စပါးခင်း တွေတော့မဟုတ်ဘူး မြက်ပင်တွေပါတဲ့။ လှေကျန်၊ ပိုက်ကျန်သူတွေက ငါးထောင်နေကြတာကိုလည်း မြင်ခဲ့ရ ပါတယ်။ လူငှားမတတ်နိုင်လို့ ခလေး၊ မိန်းမ မကျန် ကွန်ချနေကြတယ်။ ဘယ်လိုလဲ အမိများလားဆိုတော့…. “တစ်နေကုန်ဆိုရင် ၀မ်းစာလောက်တော့ ရပါတယ်”တဲ့။ ကျွန်တော်တို့ဈေးထဲက ငါးတွေ၊ ပုဇွန်တွေ ဘယ်ကများ လာကြပါလိမ့်…. ။
မျက်လုံးထဲမှာ သွေးရူးသွေးတမ်းနဲ့ မှောင်မှောင်မဲမဲ လေကြီးမိုးကြီးထဲ မိသားစုတွေ သွေးရူးသွေးတမ်း ထွက်ပြေးကာ သေကုန်ကြပုံ၊ တစ်ကျောင်းတည်းရှိတဲ့ ကျောင်းဝင်းထဲ ပြေးဝင်ပုန်းကြရာ ထိုကျောင်းရော လူတွေ ပါ ရေထဲ၊ လေထဲ အကုန်ပါသွားပုံ၊ ရေလွတ်တဲ့ သစ်ပင်အဖျားမှာ ရောက်နေကြတဲ့ သက်ကြီး ရွယ်အိုတွေ လေဒဏ်၊ မိုးဒဏ်ကို မခံနိုင်တော့လို့ အသက်ပျောက်သွားကာ ရေထဲပြုတ်ကျပုံတွေ၊ ဖက်တွယ်လို့ရတဲ့ သစ်ပင် သစ်ကိုင်းမှာ တွယ်တက်ကာ အသက်ရှင်လွတ်မြောက်လာခဲ့ပေမဲ့ တစ်ကိုယ်လုံး တုန်ရင်ပေါက်ပြဲပြီး အ၀တ်ဗလာ ဖြစ်နေရှာတဲ့ ယောကျာင်္း၊ မိန်းမတွေ၊ ကိုယ့်မြေ၊ ကိုယ့်ယာစွန့်ပြီး တစ်ခြားရွာကို ပြေးတော့ တစ်ခြားရွာက ကိုယ့်ထက်အဆမတန် ဆိုးနေလို့ ပြန်ပြေးလာရပုံတွေ၊ ဒုက္ခ သုက္ခများကြားက အမှန်လား၊ အမှားလား မေးခွန်း များ ရောက်ဖြစ်အောင် ရောက်လာလို့ ကိုယ့်ဘ၀ကို ကြောင်အအ ဖြစ်ရပုံတွေ….။
ပုံတွေ…. ပုံတွေ … ပုံတွေ …. နာဂစ်က အရုပ်ဆိုးအကျည်းတန် စိတ်ဒဏ်ရာ အနာတရနဲ့ မလှမပတော့ မယ့် သံသရာပန်းချီးကားချပ်ကြီး တစ်ချပ်လို ချဆွဲပြသွားခဲ့တယ်။ ဒါမှ တကယ့် realism အစစ်ကွလို့ နောက်ဆုံး ကြုံးအော်သွားသေးလားတော့ မသိပါ။ ကျွန်တ်ာတို့အဖို့ သံသရာကမ်းကပ်…. လှမ်းတက်ရခက်တယ် ဆိုပေမဲ့ တကယ်ကိုနဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါပြီ။
မင်းသစ်တည်
၉.၆.၂၀၀၈
စာကြွင်း ။ ။ အဝေးဆုံးဖြစ်တဲ့ ရေတွင်းကုန်းရွာက ပင်လယ်ဝနဲ့ သိပ်မဝေးတော့သလို ဒေးဒရဲ မြို့ပေါ်က နေ ပဲ့ထောင်နဲ့ ရောက်ပြန်ခရီး သွားမယ်ဆိုရင်တောင် ကြာမြင့်ချိန် အနည်းဆုံး ၅နာရီ လောက်ခရီးရှိ ပါတယ်။
ရွာအမည် ။ ။ ညောင်လန်း
အိမ်ခြေ ။ ။ ၇၅လုံးခန့်ရှိခဲ့ရာ ၂လုံးသာ အကောင်းကျန်
လူဦးရေ ။ ။ ၂၉၀လောက်ရှိခဲ့ရာ ၃၈ဦး သေဆုံးခဲ့ပါတယ်။
ရွာအမည်။ ။ လိပ်ကျွန်း
အိမ်ခြေ ။ ။ အိမ်ခြေ၁၆၀ခန့်
လူဦးရေးး လူဦးရေ ၅၆၀လောက်ရှိခဲ့ရာ ၆၂ဦးသေဆုံးခဲ့ပါတယ်။
ရွာအမည်။ ။ ဥတို
အိမ်ခြေ ။ ။ အိမ်ခြေ ၁၂၆ခန့်
လူဦးရေ ။ ။ လူဦးရေ ၄၀၀ ကျော်ခန့်ရှိခဲ့ရာ ၇၆ဦး သေဆုံးခဲ့ပါတယ်
ရွာအမည်။ ။ ရေတွင်းကုန်း
အိမ်ခြေ ။ ။ အိမ်ခြေများတဲ့ ရွာလတ်ပိုင်း
လူဦးရေ ။ ။ လူဦးရေ ၁၀၀၀ ကျော်ရှိခဲ့ရာ ၁၀၀ ကျော်ခန့် သေဆုံးခဲ့ပါတယ်။
(မင်းသစ်တည် ဆိုတာ တစ်ချိန်တုန်းက နိုင်ငံရေးလုပ်ဖေါ်လုပ်ဖက် တစ်ယောက်ပါ။ အခုတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ တစ်နိုင်တစ်ပိုင်လုပ်နေရှာတယ်။)