ကျော်လင်းဦး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စာလှယ်သစ် မစ္စတာ ဂမ်ဘာရီ တယောက် မြန်မာ့အရေး ဆွေးနွေးဖို့ နိုင်ငံစုံကို လှည့်လည်လျက် ရှိပါတယ်။ အာရှ ခရီးစဉ် အပြီးမှာ၊ ဥရောပ ခရီးကို သွားရောက်နေပြီး နောက်ထပ် သွားစရာ အာဆီယံ သာ ကျန်ပါတော့တယ်။ လက်ရှိ အချိန်အထိ ဂမ်ဘာရီရဲ့ ခြေလှမ်းတွေအရ မြောက်ကိုရီးယား အရေးကို နမူနာယူပြီး မြန်မာ့ အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တရပ်ကို ကုလသမဂ္ဂက ဦးဆောင်ပြီး ကျင်းပမယ့် သဘော ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ရောက် မြန်မာ ပညာရှင် တစုရဲ့ ပေါ်လစီ စာတမ်းမှာလည်း အဲဒီလို စကားဝိုင်းမျိုး ကျင်းပဖို့ ဆော်သြော ထားပါတယ်။
သို့သော် မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေက မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးနဲ့ မတူတဲ့ အချက်ကတော့ ဘယ်လိုပုံစံ စကားဝိုင်းမျိုး ဖြစ်ပါစေ၊ စကားဝိုင်း ဆိုရင် ကြောက်တတ်တဲ့ ရောဂါ ရှိနေပါတယ်။ ဟိုအရင်ကလည်း ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ‘ဘန်ကောက် ဖြစ်စဉ်’ ဆိုတဲ့ အမည်နဲ့ အလားတူ စကားဝိုင်းမျိုး ကျင်းပဖို့ အားထုတ် ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စကားဝိုင်းရဲ့ အဓိက ဇာတ်ကောင် မြန်မာအစိုးရ အင်တင်တင် လုပ်တာကြောင့် စကားဝိုင်း ပျက်ခဲ့ရဖူးပါတယ်။ အဲဒီ အချိန်တုန်းကလည်း မြန်မာနိုင်ငံရဲ့ အဓိက ရန်ဘက်၊ မိတ်ဘက် နိုင်ငံတွေက လိုလိုလားလားတက်ဖို့ သဘောထား ပေးပြီးကာမှ ဒီအစီအစဉ် ပျက်ခဲ့ရတာပါ။
အခုအခါ အခြေအနေက ဟိုအရင်ကနဲ့ မတူတော့တာ အမှန်ပါ။ စစ်အစိုးရ ကိုယ်တိုင် စိတ်တိုင်းကျ ရေးဆွဲနေတဲ့ အခြေခံ ဥပဒေကြီးကလည်း ပြီးလုပြီးခင် အနေအထားမှာ ရှိနေပါတယ်။ ဒါပြီးရင် စစ်အစိုးရ အလိုကျ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံကြီးကို တည်ဆောက်ဖို့ ဆန္ဒ ခံယူပွဲလုပ်၊ ရွေးကောက်ပွဲကို လုပ်ရဦးမှာပါ။ ဒါကြောင့် ဒီအချိန်မှာ စစ်အစိုးရ ဘက်က အသည်းအသန် လိုအပ်နေတာကတော့ သူတို့ ရေးဆွဲမယ့် အခြေခံ ဥပဒေနဲ့ နောက်တက်လာမယ့် အစိုးရကို နိုင်ငံတကာက အသိအမှတ် ပြုရေးပါပဲ။ ဒီအချက် နှစ်ချက် အတွက် သူတို့ဘက်မှာ အကျိုးရှိမယ် ဆိုရင်တော့ ဘယ်လို ဆွေးနွေးပွဲမျိုးကို မဆို သတ္တိရှိရှိ တက်မှာပါ။ ဒီ နှစ်ခုရဖို့ သေချာ နေရင်တော့ ဒီလို ဆွေးနွေးပွဲမျိုးမှာ မြန်မာ ကိုယ်စားလှယ်ကို ရင်ကော့ပြီး တက်လာတာ တွေ့ရပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ အကျပ်အတည်း ပေါင်းစုံ ရင်ဆိုင် နေရတယ် ဆိုပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေ အတွက် ဒီအခြေခံ ဥပဒေ ကိစ္စနဲ့ နောက်အစိုးရ တရားဝင်ရေးလောက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ ဒါဟာ သူတို့ရဲ့ သေရေး၊ ရှင်ရေး ဖြစ်ပါတယ်။
ဒီလိုပဲ ဒီကိစ္စ နှစ်ရပ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲ ၀င်နေတဲ့ အင်အားစုတွေ အတွတ် သေရေးနဲ့ ရှင်ရေး ဖြစ်နေပြန်တယ်။ ဒီအခြေခံ ဥပဒေနဲ့ နောက်အစိုးရကို နိုင်ငံတကာက အသိအမှတ် ပြုလိုက်တာနဲ့ တပြိုင်နက် ၁၉၈၈ ကနေ ဒီနေ့အထိ ၁၉ နှစ်လုံးလုံး ကြိုးပမ်း ထားသမျှတွေဟာ ပြည်ဖုံးကား ချလိုက်ရတော့မှာပါ။ ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ မပါဝင်တဲ့ အခြေခံ ဥပဒေနဲ့ ဒီဥပဒေအရ ပေါ်ပေါက်လာမယ့် နောက်အစိုးရကို အသိအမှတ် မပြုဖို့ ပုံစံ အမျိုးမျိုးနဲ့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စိတ်ဝင်စားပါတယ် ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဘာများ ဆက်လုပ်နိုင်ဦးမလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အုပ်စုနဲ့ ဒီမိုကရေစီ အင်အားစု အကြား တဘက်ဘက်က လျှော့မှ ဖြစ်တော့မယ့် အခြေအနေပါ။ ဒီလို အခြေအနေမှာ သူ့ဘက် ကိုယ့်ဘက် အလျှော့အတင်း လုပ်ရေးဟာ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရတော့တဲ့ ကိစ္စလို့တောင် ပြောရပါလိမ့်မယ်။ ဒါပေမဲ့ တချို့ မြန်မာ့အရေး လေ့လာသူတွေ ကတော့ နိုင်ငံတကာရဲ့ နားချမှု၊ အထူးသဖြင့် တရုတ်ရဲ့ နားချမှုနဲ့ မြန်မာ စစ်အစိုးရဘက်က ပျော့ပြောင်း လာလေမလားလို့ စောင့်ကြည့် လိုကြပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသစ် ဘန်ကီးမွန်းနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဂမ်ဘာရီ တို့ကလည်း အဆိုပါ မြန်မာ့အရး လေ့လာသူတွေနဲ့ တသဘောထဲ ထားပြီး မြန်မာနိုင်ငံ အရေးမှာ နိုင်ငံတကာက ပါဝင်လာမှု များသထက် များအောင် ဆောင်ရွက်နေတဲ့ သဘောမျိုး ရှိနေပါတယ်။ သို့သော် မြန်မာ့အရေးမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ စစ်အစိုးရ ဘက်ကသာ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂနဲ့ ဂမ်ဘာရီ ပါ ဘာမှ မတတ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
မြန်မာ စစ်အုပ်စုဟာ နှစ်ပေါင်းများစွာ တသီးတသန့် တံခါးပိတ် နေထိုင်ခဲ့တဲ့ အတွေ့အကြုံကို ကျင့်သား ရပြီးသား ဖြစ်သလို သူတို့ အကျိုးစီးပွားအတွက် ဆိုရင် ဘယ်လို နိုင်ငံမျိုးနဲ့ ဘယ်လိုပုံစံ ဆက်ဆံရမယ် ဆိုတာ လေ့ကျင့်သား ရပြီးသား ဖြစ်နေပါတယ်။ ဒီအချက်ကို နိုင်ငံတကာနဲ့ ဂမ်ဘာရီတို့က မနပ်ဘူး ဆိုရင်တော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရာမှာ ခံလိုက်ရမယ့် သဘော ရှိနေပါတယ်။ ဒါကြောင့် ကိုယ့်ရည်ရွယ်ချက် အောင်မြင်ဖို့ထက် နအဖ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကိုယ်က ဆောင်ကျဉ်း ပေးလိုက်သလို ရှိသွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ အကျိုးစီးပွားကိုသာ ဖြည့်ဆည်းပေးမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရေးမှာ နိုင်ငံတကာအထိ ပါဝင် လာစရာ မလိုသလို နိုင်ငံတွင်းမှာပဲ အုပ်စုနှစ်စု သဘောတူလိုက်ရုံနဲ့ ပြီးစီး သွားပါလိမ့်မယ့်။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွင်းက ဒီမိုကရေစီ အင်အားစုတွေ ဘက်ကလည်း စစ်အစိုးရက ထင်တိုင်း ရေးဆွဲထားတဲ့ နိုင်ငံရေး အစီအစဉ် တရပ်ကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ မြန်မာ စစ်အစိုးရ ဘက်ကလည်း ဒီအစီအစဉ်မှ မဖြစ်မြောက်ရင် နှစ်ပေါင်း ၂၀ နီးပါး သူတို့ တည်ဆောက်ခဲ့တဲ့ အိမ်မက်ဟာ ရေစုံ မျောတော့မယ့် အခြေအနေ ရှိနေပါတယ်။
ဒီအခြေအနေမှာ ဂမ်ဘာရီ အနေနဲ မြန်မာ့ ပြဿနာမှာ ကြားဝင်မယ် ဆိုရင် အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ့်။ မြန်မာ ပြဿနာဟာ ဟိုဘက် ဒီဘက်ကို ဘယ်လိုမှ နားချလို့ မရတဲ့ အခြေအနေပါ။ နှစ်ဘက်စလုံးက လက်ရှိ ဆုပ်ကိုင်ထားတဲ့ အခြေအနေကနေ နောက်ဆုတ်လို့ မရတာကို ကြည့်ရင် ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့် နိုင်ငံတွေ စုံအောင် လှည့်လည်ပြီး မြန်မာ့အရေးကို ဆွေးနွေး တိုင်ပင် အဖြေရှာတာ ကုသလသမဂ္ဂရဲ့ အသုံးစရိတ်တွေ ပိုမို ကုန်ကျရုံက လွဲလို့ အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ်။ သို့သော် မြန်မာ ပြည်သူတွေကိုတော့ ဂမ်ဘာရီရဲ့ ခြေလှမ်းတွေကနေ မရေရာတဲ့ မျှော်လင့်ချက်တွေ ပေးပြီး မြန်မာ့ နိုင်ငံရေး ပြဿနာတွေ တနေ့ ပြေလည်လာနိုးနဲ့ စောင့်စားရင်း အချိန်ကုန်ကြရုံသာ ရှိပါတော့တယ်။

(မဇ္ဈိမသတင်းစာမျက်နှာမှ ကူးယူဖေါ်ပြသည်၊)
No comments:
Post a Comment