Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Saturday, December 1, 2007

သမိုင်းထဲက သင်ခန်းစာများ "လူထု နှင့်အာဏာ"

ကျော်လင်းဦး

စက်တင်ဘာတော်လှန်ရေးပေါ်ပေါက်ပြီးစအချိန်လောက်မှာပဲ ကျနော်တို့ဘက်မှာ စဉ်းစားချက်တစ်ရပ်ရှိခဲ့ပါ တယ်။ အဲဒီတုန်းက ကိုဌေးကြွယ်အဖမ်းမခံရသေးပါဘူး။ အဲဒါကတော့ ကိုဌေးကြွယ်က ကမကထလုပ်ပြီး ဒေါ်စုတို့၊ ခွန်ထွန်းဦးတို့ပါ ပါဝင်တဲ့ ယာယီ အုပ်ချုပ်ရေးကောင်စီတစ်ရပ်ကိုအမြန်ဆုံးဖွဲ့ပြီး အဲဒီအုပ်ချုပ်ရေး ကောင်စီကို အတွင်းအပြင်မှာရှိတဲ့လူတွေက ထောက်ခံလာအောင်ဝိုင်းဝန်းလုပ်ကြဖို့ဆိုတဲ့ စဉ်းစားချက်ပါ။ အဲဒီစဉ်းစားချက်က အခုအချိန်အထိ စိတ်ကူးယဉ် ဆန်ကောင်းဆန်နေလိမ့်မယ်။ လက်တွေ့နဲ့ကင်းကွာ ကောင်း ကင်းကွာနေလိမ့်မယ်။ အားနည်းချက်တွေလည်း ရှိကောင်းရှိပေလိမ့်မယ်။ဒါပေမယ့် ဒါတွေဟာ တကယ့် ပြဿနာ မဟုတ်ပါဘူး။ တကယ့်ပြဿနာကတော့ လူတွေ ဟာ အာဏာကို ကြောက်တတ်ခြင်း ပါပဲ။

သီအိုရီအရ အာဏာဟာ ပြည်သူ့ထံမှ ဆင်းသက်စေရမည်လို့ဆိုထားပေမယ့် လက်တွေ့မှာတော့ အဲဒီ အာဏာကို လူတစ်စုကသာ ထိန်းသိမ်းစောင့်ရှောက်ထားရမှာဖြစ်ပါတယ်။ အဲဒီလူတစ်စုက ပြည်သူ့အကျိုး စီးပွားကို ထိန်းသိမ်းစောင့်ရှောက်တဲ့လူတစ်စုဖြစ်ဖို့သာအဓိကကျပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများကတော့ ကိုယ်ကျိုးစီးပွားသာကြည့်တတ်လွန်းလို့ သူတို့ကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီလိုဖယ်ရှားတဲ့နေရမှာ အေး အေးဆေးဆေးတောင်းခံနေရတဲ့ ကာလရှိသလို လိုအပ်ယင် အတင်းအဓမ္မတက်ပြီး ဖယ်ရှားပစ်ရမဲ့အခြေ အနေလည်းရှိပါတယ်။ လိုအပ်တာကတော့ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ရဲဖို့ပဲလိုတာ ပါ။

ကျနော်တို့ရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုယင် အဲဒီလို ပြတ်ပြတ်သားသားလုပ်ရဲခဲ့လို့ အောင်မြင်ခဲ့တာတွေ လည်းရှိပါတယ်။ ဥပမာ- ဒုတိယကမ္ဘာစစ်ဖြစ်ခါစလောက်က အဲဒီတုန်းက ဒို့ဗမာအစည်းအရုံးဟာ အင်္ဂလိပ် ကို လွတ်လပ်ရေးပေးဖို့အေးအေးဆေးဆေးတောင်းနေမယ်ဆိုယင် ရချင်မှရမှာပါ။ အင်္ဂလိပ်နဲ့ ဂျပန်စစ်မှာ ဂျပန်ဆီသွားပြီး လက်နက်တောင်း၊ တပ်ဖွဲ့ပြီး အတင်းဝင်တိုက်တဲ့အခါ အင်္ဂလိပ်က ထွက်ပြေးရတဲ့အခြေ အနေကိုရောက်ခဲ့ရပါတယ်။ အဲဒီရဲ့အကျိုးရလဒ်ကတော့ ဒို့ဗမာအစည်းအရုံးဝင်လူငယ်တွေဟာ ဂျပန်ခေတ် မှာ အစိုးရခေါင်းဆောင်တွေဖြစ်လာကြပါတယ်။ ဂျပန်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျနော် တို့ခေါင်းဆောင်တွေတော့ အစိုးရလုပ်ဖူးသွားတာပါပဲ။ အဲဒီကနေတစ်ဆင့် ဒုတိယ ကမ္ဘာစစ်ပြီးတဲ့အခါ အင်္ဂလိပ်က တူတူတန်တန်ထားပြီ ဆက်ဆံလာတယ်။ ဒါဟာ ကျနော်တို့အတွက်အမြတ်ပါပဲ။ ပြောရယင် တော့ ဒို့ဗမာအစည်းအရုံးဝင် လူငယ်တွေဟာ အာဏာရဲ့သဘောသဘာဝကို နားလည်လာကြတယ်။

နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ဟာ မတည်ငြိမ်တော့ဘူးဆိုယင် အာဏာနယ်ပယ်မှာ လေဟာနယ်ပေါ် ပေါက်လာတတ်ပါတယ်။ အဲလို လောဟာနယ် ပေါ်ပေါက်ခဲ့ယင် ဘယ်အဖွဲ့အစည်းက အစားထိုးမလဲ ဆို တာကို စောင့်ကြည့်ရပါတော့တယ်။ အနီးဆုံးဥပမာအဖြစ် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ပေါ်ပေါက်ခဲတဲ့ ၈၈ အရေးတော်ပုံကြီးကို ပြန်ကြည့်ကြရအောင်။ အဲဒီတုန်းက မဆလ အစိုးရဟာ နိုင်ငံကို တည်ငြိမ်အောင် မထိမ်းနိုင်တာနဲ့အမျှ လှုပ်ရမ်လားပါတယ်။ အောက်ခြေက ၀န်ထမ်းတွေကိုယ်၌က အစိုးရကို စိန်ခေါ်လာ ပါတယ်။ အဲဒီထဲမှာ မဆလ ရဲ့အဓိက ကျောရိုးဖြစ်တဲ့ တပ်မတော်သား တစ်ချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တောင် အစိုးရကို ဆန့်ကျင်သပိတ်မှောက်လာကြပါတယ်။ နိုင်ငံရေးဗေဒစကားနဲ့ပြောယင် အာဏာရပ်ဝန်း မှာ လေဟာနယ်ပေါ်လာပြီးပေါ့။ အဲဒီအချိန်မှာ မဆလ ကိုဆန့်ကျင်နေတဲ့ အ၀န်းအ၀ိုင်းကြားမှာတော့ ဖရို ဖရဲဖြစ်နေပါတယ်။ အချင်းချင်းညီညွတ်ရေးကို ကြိုးစားတည်ဆောက်ပေမယ့် မအောင်မြင်ပါဘူး။ ဒါကြောင့် မဆလ ဆန့်ကျင်ရေးအင်အားစုတွေဟာ စုစည်းညီညွတ်တဲ့အားမဖြစ်လာခဲ့ပါဘူး။ တကယ်ဆိုဖြစ်သင့်တာ က မဆလ ဆန့်ကျင်ရေးအင်အားစုတွေဟာ စုစည်းညီညွတ်တဲ့အားအဖြစ်နဲ့ စောစောကပြောတဲ့ လေဟာ နယ်ကို ၀င်ဖြည့်ရမှာဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုကို ဆန့်ကျင်တာမဟုတ်သလို နိုင်ငံရေးအရ တရား ၀င်မှု မ၀င်မှုဆိုတဲ့ ပြဿနာနဲ့လည်း မဆိုင်ပါဘူး။ အဓိက ကတော့ အခြေအနေတစ်ရပ်မှာ လုပ်သင့်လုပ် ထိုက်တာကို လုပ်လိုက်ခြင်းပါပဲ။ အဲဒီလို အစိုးရဆန့်ကျင်ရေးအင်အားစုတွေက လေဟာနယ်ကို မဖြည့်နိုင် တဲ့အခါ စစ်တပ်က အင်းအားစုတစ်ရပ်အနေနဲ့ရှေ့ထွက်ပြီး အဲဒီလေဟာနယ်ကိုဝင်ဖြည့်သွားပါတယ်။ ကျနော်တို့ဘက်ကတော့ သမိုင်းသင်ခန်းစာရဲ့တန်ဖိုးအဖြစ် နှစ်ပေါင်းနှစ်ဆယ်ပေးလိုက်ရပါတော့တယ်။

ကမ္ဘာ့သမိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဘယ်လိုတော်လှန်ရေးမျိုးမဆို သူ့အလိုအလျှောက်အောင်မြင်သွားတာမျိုးမ ရှိသလို၊ တော်လှန်ရေးအောင်မြင်ခြင်း မအောင်မြင်ခြင်းဟာ ကံကြမ္မာနဲ့လဲမဆိုင်ပါဘူး။ ကမ္ဘာပေါ်ကနိုင်ငံ တွေမှာ တည်ဆဲအစိုးရတွေ အားနည်းပြီး တိုင်းပြည်ကို ကောင်းကောင်းမအုပ်ချုပ်နိုင်တော့အခါ တော်လှန် ရေးတွေပေါ်ပေါက်ရစမြဲပါ။ ဒီအခါမှာ လက်ရှိအစိုးရထက် ပိုမိုခိုင်မာပြီး၊ ပိုမိုစနစ်ကျတဲ့အဖွဲ့အစည်းတွေဟာ လက်ရှိအစိုးရရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတတ်တဲ့ သဘောသဘာဝရှိပါတယ်။ အဲဒီလို ပိုမိုခိုင်မာပြီး ပိုမိုစနစ်ကျတဲ့အဖွဲ့အစည်းဟာ တော်လှန်ရေးအင်အားစုသာဖြစ်လျှင် တော်လှန်ရေးအောင်မြင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖိနှိပ်တဲ့အင်အားစုက ပဲပုံစံတစ်မျိုးနဲ့ အစားထိုးဝင်ရောက်လာယင် မြန်မာနိုင်ငံမှာလို စစ်အာဏာသိမ်းမှုဖြစ်ပွားလာတော့တာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဖိနှိပ်ရေးအင်အား စုမဟုတ်ပဲ ကြားအဖွဲ့အစည်းတစ်ရပ်ကလည်း အစားထိုးဝင်လာတတ်ပါတယ်။ ဥပမာ အားဖြင့် မနှစ်က ထိုင်း နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ အာဏာရ တက်ဆင်အစိုးရ ကိုထောက်ခံသူလည်းမဟုတ်၊ သူ့ကို ဆန့်ကျင်နေတဲ့ အင်အားစုလည်းမဟုတ်တဲ့ ကြားအဖွဲ့ဖြစ်တဲ့ စစ်တပ်က အာဏာကို တက်သိမ်းသွား တာပါပဲ။

ဒီလိုအဖြစ်အပျက်တွေကို လေ့လာခြင်းအားဖြင့် တော်လှန်ရေးတစ်ရပ်ရဲ့ အဆုံးသတ်အဖြစ် အာဏာ ကိစ္စ ကို မလွဲမသွေထည့်သွင်းစဉ်းစားရတော့မှာဖြစ်ပါတယ်။ တော်လှန်ရေးသက် ကြာရှည်လာတာနဲ့အမျှ၊ တည် ဆဲအစိုးရအတွင်းမှာ မတည်မငြိမ်မှုတွေပေါ်ပေါက်လာတာနဲ့အမျှ၊ ဒီနေ့မြန်မာနိုင်ငံရဲ့ အာဏာ ရပ်ဝန်းမှာ လေဟာနယ်တွေပေါ်ပေါက်လာတော့မှာ မလွဲမသွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး စင်မြင့်ကိုလှမ်း ကြည့်ယင် နအဖ စစ်အစိုးရဟာ အစိုးရအာဏာကို တည်တည်ငြိမ်ငြိမ်ထိန်းထားတယ်ဆိုပေမယ့် သူတို့မှာ မသေချာမရေရာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ တိုင်းပြည်ရဲ့အချိုးအကွေ့တွေရောက်တိုင်းမှာ အစိုးရတိုင်း ဟာ အကြပ်အတည်းက သက်သာဖို့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြရလေ့ရှိပါတယ်။ နအဖ ကတော့ စက်တင် ဘာတော်လှန်ရေးနောက်ပိုင်းမှာ ဒီလိုလုပ်ငန်းစဉ်မျိုးချပြနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် သူတို့မှာရှေ့ဆက် ပြီး ရွေးစရာလမ်းသိပ်များများစားစားမရှိတော့တဲ့ သဘောမှာရှိနေပါတယ်။ ဒါကြောင့်လည်း ရှေ့တိုးပြီးဖိနှိပ် မှုတွေ ဆက်လက်လုပ်နေတာဖြစ်သလို ပြည်သူလူထုဘက်ကလည်း ကျေနပ်စရာတစ်ကွက်မှမရှိတဲ့အတွက် ရှေဆက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေဆက်ဖြစ်နေဦးမယ့်သဘောမှာရှိနေပါတယ်။
လက်ရှိအခြေအနေတွေက ဘာကှိုညွှန်းဆိုနေလဲဆိုယင် မြန်မာနိုင်ငံရဲ့ အာဏာရပ်ဝန်းမှာ လေဟာနယ်တစ် ရပ် အမြန်ဆုံးပေါ်ပေါက်လာတော့မယ်ဆိုတာပါပဲ။ နအဖ ရဲ့ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်းလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေဘက်က လည်း နည်းပေါင်းဆုံးနဲ့ ဆက်လက်ဆန့်ကျင်မှာဖြစ်ပါတယ်။ ဒီအခါ မှာ တိုင်းပြည်အတွင်း တည်ငြိမ်မှုတွေကင်းမဲ့လာကာ နအဖ အတွက်လမ်းဆုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးသမားတိုင်းဟာ အာဏာလေဟာနယ်ကို ဖြည့်ဖို့အခုကတည်းကပြင်ဆင်ထား ရမှာဖြစ်ပါတယ်။ ဒါဟာ စိတ်ကူးယဉ်တာမဟုတ်သလို၊ ကြောက်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒါဟာတာဝန် တစ်ရပ်သာဖြစ်ပါတယ်။ အကယ်၍များ ကျနော်တို့ဘက်က ဒီလိုပြင်ဆင်ထားမှုတွေမရှိဘူးဆိုယင် နောက် ထပ် ဗိုလ်ချုပ်စောမောင်တွေ စစ်တပ်ထဲမှာ ထပ်ပေါ်လာပြီး တိုင်းပြည်နဲ့ ကမ္ဘာကို မျက်လှည့်ထပ်ပြပါလိမ့်ဦး မယ်။ ဒါကြောင့် ကျနော်တို့ဘက်က ခြေတစ်လှမ်းဦးအောင် စထားကြပါစို့။

Sunday, September 9, 2007

“ကမ္ဘာပြားပြီတဲ့”

ကျော်လင်းဦး

ကမ္ဘာပြားပြီလို့ပြောတာ အကြောင်းမဲ့မဟုတ်ပါဘူး။ အကြောင်းရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်က ကမ္ဘာကြီးလုံးဝိုင်းနေတယ် ဆိုတဲ့ပြောဆိုချက်မျိုးဟာ လူသား တွေအတွက် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ ကမ္ဘာကြီးပြားနေပြီလို့ပြော ကြဆိုကြတာတွေဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဥပမာ တစ်ခုကြည့်ရအောင်။
အမေရိကန်နိုင်ငံနဲ့ကပ်လျှက်ရှိတဲ့ မက္ကစီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာလုပ်အခအနည်းဆုံးနိုင်ငံတစ်ခု ပါ။ ဒါကြောင့် သူ့နိုင်ငံမှာ ထုတ်လုပ်သမျှပစ္စည်းတွေဟာဈေးပေါရမှာပေါ့။ ဒါပေမယ့် သူတို့နိုင်ငံက ပြည်သူအများစုကိုးကွယ်တဲ့ အပျိုစင် ဂိုဒါလုပ ရုပ်ထုလေးကိုတော့ တရုတ်ပြည်ကတင်သွင်းနေရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ကထုတ်လုပ်ပြီး သင်္ဘောတစ်တန်၊ ကားတစ်တန်နဲ့ မက္ကစီကို ပို့လိုက်တဲ့ လမ်းစရိတ်ပါထည့်ပေါင်းလိုက်တာတောင်မှ အဲဒီရုပ်ထုလေးတစ်ခုရဲ့ တန်ဖိုး ဟာ မက္ကစီကိုမှာ ထုတ်လုပ်တဲ့ တန်ဖိုးထက်အမျာကြီးသက်သာနေလို့ပါ။ ဆိုတော့ မက္ကစီကိုရဲ့ ပြည် တွင်းဈေးကွက်ကို တရုတ်ပြည်ကလက်ဦးသွားတာပေါ့။
နောက်ထပ်ရှိသေးတယ်။ အီဂျစ်မှာ မူဆလင် ဥပုဒ်လအတွင်း ကလေးတွေကိုင်တဲ့ ရိုးရာမီးပုံးလေး တွေရှိပါတယ်။ အထဲမှာ ဖယောင်းတိုင်လေးတွေထွန်းလို့ပေါ့။ ဥပုဒ်လအတွင်း ကလေးတွေဟာ အဲဒီမီးပုံးလေးတွေကိုင်ပြီး ရိုးရာသီးချင်းလေးတွေကို တစ်အိမ်တက်ဆင်းသွားရောက်ဆိုလေ့ရှိပါ တယ်။ အခုတော့ အဲဒီရိုးရာမီးပုံးလေးတွေကို တရုတ်ပြည်ကတင်သွင်းတယ်တဲ့။ တရုတ်ပြည်လုပ် မီးပုံးလေးတွေမှာ ဖယောင်းတိုင်မပါတော့ဘူး။ ဖယောင်းတိုင်အစား နီယွန်မီးသီးလေးကို အထဲမှာ ထည့်ထားတယ်။ အီဂျစ်ပြည်လုပ် လက်ဖြစ်ရိုးရာမီးပုံးတွေကတော့ ဖန်နဲ့လုပ်ထားတဲ့အတွက် နဲနဲ လေးတယ်။ အခုတရုတ်မီးပုံးတွေကို ပလက်စတစ်အကြည်သားနဲ့လုပ်တဲ့အတွက် ပေါ့လည်းပေါ့ တယ်။ သေလည်း သေသပ်တယ်။ ပြီးတော့ ခိုင်လည်းခိုင်ခန့်တယ်။ ဒီထက် ပိုအရေးကြီးတာက တော့ တရုတ်မီးပုံးတွေဟာ အီဂျစ်လုပ် လက်ဖြစ်မီးပုံးတွေထက် ပိုပြီးဈေးသက်သာနေပါတယ်။ တရုတ်ပြည်လုပ်မီးပုံးလေးတွေမှာ မိုက်ခရိုချစ်ပ်ပြားလေးတွေထည့်ထားပြီး အီဂျစ်ရိုးရာသီးချင်းတွေ ရဲ့ တီးလုံးလေးတွေတောင် ထည့်ထားလိုက်သေးတယ်။ ကဲ ဒီတော့ အီဂျစ်မိဘတွေက တရုတ်က လာတဲ့ မီးပုံးလေးတွေပဲ သူတို့ကလေးတွေကို ၀ယ်ပေးတော့တာပေါ့။ တဆက်တည်းမှာပဲ အီဂျစ် ရိုးရာအိမ်တွင်း လက်မှုလုပ်ငန်းတွေလည်း အရှုံးပေါ်ကုန်ရော။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပြားလို့ ပါပဲ။
အခုဆိုယင် ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများဟာ ကမ္ဘာပြားတဲ့ ဒဏ်ကိုတော်တော်လေးအလူး အလိမ့်ခံနေရပြီ။ ကမ္ဘာပြားကြီးထဲမှာ ရှိတဲ့ ကျနော်တို့နိုင်ငံတွေရဲ့ အနေအထားကို ခြိမ်းခြောက်မှု တွေရှိနေပြီ။ ဒီ့အတွက် လုပ်စရာတစ်ခုတည်းပဲရှိပါတယ်။ ဒါကတော့ အဲဒီနိုင်ငံတွေက ပြည်သူ လူထုနဲ့ နိုင်ငံခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကိုရိုးသားဖို့ပါပဲ။
ဘယ်လိုရိုးသားကြမလဲ။ အရက်သမားတွေ အရက်ဖြတ်သလိုပေါ့။ အနောက်နိုင်ငံတွေမှာတော့ အရက်ဖြတ်ချင်တဲ့ လူတွေ သီးခြားဖွဲ့ထားတဲ့ ကလပ်အသင်းတွေရှိတယ်။ အဲဒီအသင်းက အသင်း ၀င်တွေဟာ တစ်ပတ်မှာတစ်ခါ ဆုံတွေ့လေ့ရှိကြတယ်။ ပြီးတော့ ကျန်တဲ့အသင်းဝင်တွေရှေ့ မှာ ကိုယ့်ကိုယ်ကို ထပြီးမိတ်ဆက်ရတယ်။ ဥပမာ့  “ ကျနော့် နာမည် ကျော်လင်းဦးပါ၊ ကျနော် အရက်စွဲနေတာ ဘယ်နှစ်လရှိပါပြီ။” စသည်အားဖြင့်ပေါ။ ဒီလိုပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင် တွေဟာလည်း အားလုံးရဲ့ရှေ့မှာ မတ်တပ်ရပ်ပြီ “ ကျနော်ကတော့ မြန်မာပြည်ကပါ။ ကျနော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးမှုအတော့်ကို နောက်ကျကျန်နေခဲ့ပါပြီ” လို့ပြောရဲရမယ်။ ပြောနိုင်ရမယ်။ ဒါဆိုယင် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဘ၀ကနေ ရုံးထွက်နိုင်လိမ့်မယ်။
စစ်အေးခေတ်ကြီးကုန်ဆုံးပြီးနောက် ခင်များတို့ကျနော်တို့ဒီနေ့ကြုံနေရတဲ့ခေတ်ကို “လက်ကား ပြုပြင်ပြောင်းလဲရေး” ခေတ်လို့ခေါ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲရေးကို အုံနဲ့ ကျင်းနဲ့လုပ်ရမယ့် ခေတ်ဖြစ်လို့ပါပဲ။ အဲဒီ လက်ကားပြုပြင်ပြောင်လဲရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာရှိတဲ့ လက်တစ်ဆုတ်စာလောက်သာရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေချည်းပဲ လုပ် လို့ရပါတယ်။ ၁၉၉၄ ကနေ ၂၀၀၀ ခုနှစ်အတွင်း မက္ကစီကိုရဲ့စီးပွားရေးကို ပြုပြင်ပြောင်းလဲလုပ်တဲ့ အခါ အဲဒီတုန်းက သမတဖြစ်တဲ့ အာနက်စတို ဇက်ဒီလို အပါအ၀င် ထိပ်သီးခေါင်းဆောင် သုံး ယောက်ထဲ ဆုံးဖြတ်လုပ်ကိုင်ခဲ့တာပါ။ ဒီလိုပဲ တရုတ်ပြည်မှာ တိန့်ရှောင်ပိန်က ကွန်မြူနစ်အတွေး အခေါ်ကို စွန့်လွတ်ပြီး “ချမ်းသာခြင်းဟာ ဂုဏ်ရှိတယ်” လို့ပြောတုန်းက သူရဲ့ထိပ်တန်းအကြံပေး အနည်းအကျဉ်းလောက်ပဲ ဒီကိစ္စကို ကြိုသိခဲ့တာပါ။
ဒီလိုပြုပြင်ပြောင်းလဲမှု မလုပ်နိုင်တဲ့ တိုင်းပြည်တွေကတော့ ကမ္ဘာပြားကြီးထဲမှာ နောက်ကျကျန်နေ ဦးမှာပါ။ ဒါပေမယ့် “လက်ကား ပြုပြင်ပြောင်းလဲရေး” ပြုလုပ်နိုင်တဲ့ တိုင်းပြည်တွေအတွက်ကတော့ ပြုပြင်ပြောင်းလဲရေးဟာ ဒီအဆင့်မှာတင် ရပ်လို့မရပါဘူး။ ဒီထက် နက်နဲတဲ့ ပြုပြင်ပြောင်းလဲရေးအ ဆင့်ကျန်ပါသေးတယ်။ ဒါကတော့ “လက်လီ ပြုပြင်ပြောင်းလဲရေး” ပါ။
ဒီ “လက်လီပြုပြင်ပြောင်းလဲရေး” အဆင့်မှာ တခြားနိုင်ငံနဲ့ကုန်သွယ်တာတို့၊ တခြားနိုင်ငံက ကိုယ့် ဆီမှာ လာပြီးရင်းနှီးမြှပ်နှံတာတို့နဲ့တင် မလုံလောက်တော့ပါဘူး။ ကိုယ့်နိုင်ငံမှာရှိတဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြည့်ပြီးလိုသလိုပြုပြင်ပြောင်းလဲဖို့လိုအပ်လာပါပြီ။ ဒီနေရာမှာ အဓိကထား ကြည့်ရမယ့် နယ်ပယ် လေးရပ်ရှိပါတယ်။ ဒါတွေကတော့- လမ်း၊ တံတား၊လျှပ်စစ်မီး၊ စတဲ့အခြေခံ အဆောက်အအုံ နဲ့ဆိုင်တဲ့ နယ်ပယ်၊ ဥပဒေ၊ နည်းဥပဒေ တွေကိုသေသေချာချာလိုက်နာခြင်းရှိမရှိ ထိန်းကျောင်းပေးမယ့် တရားရုံးတို့၊ ပြည်သူ့ရဲ တို့နဲ့ဆိုင်တဲ့ နယ်ပယ်၊ ပညာရေးနယ်ပယ် နဲ့ ယဉ် ကျေးမှုနယ်ပယ်တို့ဖြစ်ပါတယ်။ ဒီနယ်ပယ်လေးရပ်မှ အားနည်းချက်တွေရှိနေပြီဆိုယင်တော့ အား ကောင်းအောင်လုပ်ထားပေတော့။ ဒါမှမဟုတ်ယင်တော့ “လက်လီပြုပြင်ပြောင်းလဲရေး”ခေတ်မှာ လည်း သူများနောက်ကကျန်နေခဲ့ဦးမှာပဲ။
ကျနော်တို့ မြန်မာနိုင်ငံကတော့ “လက်ကားပြုပြင်ပြောင်းလဲရေး”မှာလည်း သူများနဲ့မယှဉ်နိုင်၊ “လက်လီ ပြုပြင်ပြောင်းလဲရေး” ကျတော့လည်း ဘာမှန်းမသိဖြစ်နေဆဲပါ။ ဒါတွေရဲ့ အရင်းခံ ပြ ဿနာဟာ အာဏာပိုင်များရဲ့အသိအမြင်နည်းပါးမှုဖြစ်ပါတယ်။ နိုင်ငံတကာဗဟုသုတနဲ့ ပညာရေး အခြေခံနည်းပါးလှတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အဲဒီပြုပြင်ပြောင်းလဲရေးတွေနဲ့ စိမ်းနေဆဲပါ။ အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံဟာ ချွတ်ချံကျမှုတွေဟာ ကာလရှည်ကြာနေဆဲဖြစ်ပါတယ်။ ဒါပေ မယ့် တိုင်းပြည်အတွင်းက ပြဿနာအရပ်ရပ်ဟာ စစ်ခေါင်းဆောင်တွေရဲ့ဥဏှောက်တွေနဲ့မမှီနိုင် အောင် ရှုပ်ထွေးပွေလီလာတာနဲ့အမျှ အာဏာကို ကျားကုတ်ကျားခဲ ဆုတ်ကိုင်ထားချင်တဲ့ဆန္ဒတွေ တစ်ဖြည်းဖြည်းမှေးမှိန်လာမှာပါ။
အခုလက်ရှိမှာပဲ တိုင်ပြည်အတွင်းက လောင်စာဆီပြဿနာကဟာ စစ်ဗိုလ်ချုပ်တွေအတွက် ခေါင်း ခဲစရာဖြစ်နေရပါပြီ။ လောင်စာဆီကို အကြောင်းပြုပြီး ပြည်သူလူထုကလှုပ်ရှားလာယင်လည်း နှိမ် နှင်းပစ်လိုက်မယ်လို့ စစ်ဗိုလ်ချုပ်တွေလွယ်လွယ်ကူကူစဉ်းစားထားခဲ့ပုံရပါတယ်။ ဒါပေမယ့် ဒီနေ့ ပြဿနာဟာ ဗိုလ်ချုပ်တွေထင်သလို လွယ်လွယ်ကူကူဖြေရှင်းလို့ရတဲ့ ပြဿနာ မဟုတ်တဲ့အပြင် ဒီ နေ့ ကမ္ဘာဟာ ဗိုလ်ချုပ်တွေသိတဲ့ လုံးဝန်းတဲ့ကမ္ဘာမဟုတ်တော့ပါဘူး။ လုံးဝန်း တဲ့ ကမ္ဘာတုန်း ကဆို ယင်တော့ ဗိုလ်ချုပ်တွေရဲ့ဖိနှိပ်မှုဟာ ထင်သလိုကျဲနိုင်မှာဖြစ်ပေမယ့် အခုတော့ ဒီနေ့ဖြစ်တဲ့ ဆန္ဒပြပွဲ တွေကို ညတွင်းချင်း ကမ္ဘာက သိနိုင်ပြီဖြစ်လို့ ကမ္ဘာပြားတဲ့ ဒဏ်ကို မြန်မာ နိုင်ငံက စစ် အာဏာရှင် ဗိုလ်ချုပ်ကြီးတွေအလူးအလဲခံနေရပါပြီ။ ဒါဆိုယင်တော့ ကမ္ဘာပြားမှာ နေထိုင်ကြတဲ့ လူတွေရဲ့ ဘ၀နဲ့လျှော်ညီစွာ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေလည်း ပြုပြင်ပြောင်းလဲရေးတွေ ကို အားသွန်ခွန်စိုက်စလုပ်ဖို့လိုနေပါပြီ။
(၀န်ခံချက်။ ။ Thomas Friedman ရဲ့ “World Is Flat” စာအုပ်ထဲမှ အခန်း (၉)၊ The Virgin of Guadalupe ကိုဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။ စာရေးသူ)

Thursday, August 30, 2007

အားတော့နာတယ် ဂမ်ဘာရီ ရယ်

ကျော်လင်းဦး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စာလှယ်သစ် မစ္စတာ ဂမ်ဘာရီ တယောက် မြန်မာ့အရေး ဆွေးနွေးဖို့ နိုင်ငံစုံကို လှည့်လည်လျက် ရှိပါတယ်။ အာရှ ခရီးစဉ် အပြီးမှာ၊ ဥရောပ ခရီးကို သွားရောက်နေပြီး နောက်ထပ် သွားစရာ အာဆီယံ သာ ကျန်ပါတော့တယ်။ လက်ရှိ အချိန်အထိ ဂမ်ဘာရီရဲ့ ခြေလှမ်းတွေအရ မြောက်ကိုရီးယား အရေးကို နမူနာယူပြီး မြန်မာ့ အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တရပ်ကို ကုလသမဂ္ဂက ဦးဆောင်ပြီး ကျင်းပမယ့် သဘော ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ရောက် မြန်မာ ပညာရှင် တစုရဲ့ ပေါ်လစီ စာတမ်းမှာလည်း အဲဒီလို စကားဝိုင်းမျိုး ကျင်းပဖို့ ဆော်သြော ထားပါတယ်။
သို့သော် မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေက မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးနဲ့ မတူတဲ့ အချက်ကတော့ ဘယ်လိုပုံစံ စကားဝိုင်းမျိုး ဖြစ်ပါစေ၊ စကားဝိုင်း ဆိုရင် ကြောက်တတ်တဲ့ ရောဂါ ရှိနေပါတယ်။ ဟိုအရင်ကလည်း ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ‘ဘန်ကောက် ဖြစ်စဉ်’ ဆိုတဲ့ အမည်နဲ့ အလားတူ စကားဝိုင်းမျိုး ကျင်းပဖို့ အားထုတ် ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စကားဝိုင်းရဲ့ အဓိက ဇာတ်ကောင် မြန်မာအစိုးရ အင်တင်တင် လုပ်တာကြောင့် စကားဝိုင်း ပျက်ခဲ့ရဖူးပါတယ်။ အဲဒီ အချိန်တုန်းကလည်း မြန်မာနိုင်ငံရဲ့ အဓိက ရန်ဘက်၊ မိတ်ဘက် နိုင်ငံတွေက လိုလိုလားလားတက်ဖို့ သဘောထား ပေးပြီးကာမှ ဒီအစီအစဉ် ပျက်ခဲ့ရတာပါ။
အခုအခါ အခြေအနေက ဟိုအရင်ကနဲ့ မတူတော့တာ အမှန်ပါ။ စစ်အစိုးရ ကိုယ်တိုင် စိတ်တိုင်းကျ ရေးဆွဲနေတဲ့ အခြေခံ ဥပဒေကြီးကလည်း ပြီးလုပြီးခင် အနေအထားမှာ ရှိနေပါတယ်။ ဒါပြီးရင် စစ်အစိုးရ အလိုကျ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံကြီးကို တည်ဆောက်ဖို့ ဆန္ဒ ခံယူပွဲလုပ်၊ ရွေးကောက်ပွဲကို လုပ်ရဦးမှာပါ။ ဒါကြောင့် ဒီအချိန်မှာ စစ်အစိုးရ ဘက်က အသည်းအသန် လိုအပ်နေတာကတော့ သူတို့ ရေးဆွဲမယ့် အခြေခံ ဥပဒေနဲ့ နောက်တက်လာမယ့် အစိုးရကို နိုင်ငံတကာက အသိအမှတ် ပြုရေးပါပဲ။ ဒီအချက် နှစ်ချက် အတွက် သူတို့ဘက်မှာ အကျိုးရှိမယ် ဆိုရင်တော့ ဘယ်လို ဆွေးနွေးပွဲမျိုးကို မဆို သတ္တိရှိရှိ တက်မှာပါ။ ဒီ နှစ်ခုရဖို့ သေချာ နေရင်တော့ ဒီလို ဆွေးနွေးပွဲမျိုးမှာ မြန်မာ ကိုယ်စားလှယ်ကို ရင်ကော့ပြီး တက်လာတာ တွေ့ရပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ အကျပ်အတည်း ပေါင်းစုံ ရင်ဆိုင် နေရတယ် ဆိုပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေ အတွက် ဒီအခြေခံ ဥပဒေ ကိစ္စနဲ့ နောက်အစိုးရ တရားဝင်ရေးလောက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ ဒါဟာ သူတို့ရဲ့ သေရေး၊ ရှင်ရေး ဖြစ်ပါတယ်။
ဒီလိုပဲ ဒီကိစ္စ နှစ်ရပ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲ ၀င်နေတဲ့ အင်အားစုတွေ အတွတ် သေရေးနဲ့ ရှင်ရေး ဖြစ်နေပြန်တယ်။ ဒီအခြေခံ ဥပဒေနဲ့ နောက်အစိုးရကို နိုင်ငံတကာက အသိအမှတ် ပြုလိုက်တာနဲ့ တပြိုင်နက် ၁၉၈၈ ကနေ ဒီနေ့အထိ ၁၉ နှစ်လုံးလုံး ကြိုးပမ်း ထားသမျှတွေဟာ ပြည်ဖုံးကား ချလိုက်ရတော့မှာပါ။ ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ ဒီမိုကရေစီ အင်အားစုတွေက ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ မပါဝင်တဲ့ အခြေခံ ဥပဒေနဲ့ ဒီဥပဒေအရ ပေါ်ပေါက်လာမယ့် နောက်အစိုးရကို အသိအမှတ် မပြုဖို့ ပုံစံ အမျိုးမျိုးနဲ့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စိတ်ဝင်စားပါတယ် ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဘာများ ဆက်လုပ်နိုင်ဦးမလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အုပ်စုနဲ့ ဒီမိုကရေစီ အင်အားစု အကြား တဘက်ဘက်က လျှော့မှ ဖြစ်တော့မယ့် အခြေအနေပါ။ ဒီလို အခြေအနေမှာ သူ့ဘက် ကိုယ့်ဘက် အလျှော့အတင်း လုပ်ရေးဟာ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရတော့တဲ့ ကိစ္စလို့တောင် ပြောရပါလိမ့်မယ်။ ဒါပေမဲ့ တချို့ မြန်မာ့အရေး လေ့လာသူတွေ ကတော့ နိုင်ငံတကာရဲ့ နားချမှု၊ အထူးသဖြင့် တရုတ်ရဲ့ နားချမှုနဲ့ မြန်မာ စစ်အစိုးရဘက်က ပျော့ပြောင်း လာလေမလားလို့ စောင့်ကြည့် လိုကြပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသစ် ဘန်ကီးမွန်းနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဂမ်ဘာရီ တို့ကလည်း အဆိုပါ မြန်မာ့အရး လေ့လာသူတွေနဲ့ တသဘောထဲ ထားပြီး မြန်မာနိုင်ငံ အရေးမှာ နိုင်ငံတကာက ပါဝင်လာမှု များသထက် များအောင် ဆောင်ရွက်နေတဲ့ သဘောမျိုး ရှိနေပါတယ်။ သို့သော် မြန်မာ့အရေးမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ စစ်အစိုးရ ဘက်ကသာ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂနဲ့ ဂမ်ဘာရီ ပါ ဘာမှ မတတ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
မြန်မာ စစ်အုပ်စုဟာ နှစ်ပေါင်းများစွာ တသီးတသန့် တံခါးပိတ် နေထိုင်ခဲ့တဲ့ အတွေ့အကြုံကို ကျင့်သား ရပြီးသား ဖြစ်သလို သူတို့ အကျိုးစီးပွားအတွက် ဆိုရင် ဘယ်လို နိုင်ငံမျိုးနဲ့ ဘယ်လိုပုံစံ ဆက်ဆံရမယ် ဆိုတာ လေ့ကျင့်သား ရပြီးသား ဖြစ်နေပါတယ်။ ဒီအချက်ကို နိုင်ငံတကာနဲ့ ဂမ်ဘာရီတို့က မနပ်ဘူး ဆိုရင်တော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရာမှာ ခံလိုက်ရမယ့် သဘော ရှိနေပါတယ်။ ဒါကြောင့် ကိုယ့်ရည်ရွယ်ချက် အောင်မြင်ဖို့ထက် နအဖ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကိုယ်က ဆောင်ကျဉ်း ပေးလိုက်သလို ရှိသွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ အကျိုးစီးပွားကိုသာ ဖြည့်ဆည်းပေးမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရေးမှာ နိုင်ငံတကာအထိ ပါဝင် လာစရာ မလိုသလို နိုင်ငံတွင်းမှာပဲ အုပ်စုနှစ်စု သဘောတူလိုက်ရုံနဲ့ ပြီးစီး သွားပါလိမ့်မယ့်။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွင်းက ဒီမိုကရေစီ အင်အားစုတွေ ဘက်ကလည်း စစ်အစိုးရက ထင်တိုင်း ရေးဆွဲထားတဲ့ နိုင်ငံရေး အစီအစဉ် တရပ်ကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ မြန်မာ စစ်အစိုးရ ဘက်ကလည်း ဒီအစီအစဉ်မှ မဖြစ်မြောက်ရင် နှစ်ပေါင်း ၂၀ နီးပါး သူတို့ တည်ဆောက်ခဲ့တဲ့ အိမ်မက်ဟာ ရေစုံ မျောတော့မယ့် အခြေအနေ ရှိနေပါတယ်။
ဒီအခြေအနေမှာ ဂမ်ဘာရီ အနေနဲ မြန်မာ့ ပြဿနာမှာ ကြားဝင်မယ် ဆိုရင် အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ့်။ မြန်မာ ပြဿနာဟာ ဟိုဘက် ဒီဘက်ကို ဘယ်လိုမှ နားချလို့ မရတဲ့ အခြေအနေပါ။ နှစ်ဘက်စလုံးက လက်ရှိ ဆုပ်ကိုင်ထားတဲ့ အခြေအနေကနေ နောက်ဆုတ်လို့ မရတာကို ကြည့်ရင် ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့် နိုင်ငံတွေ စုံအောင် လှည့်လည်ပြီး မြန်မာ့အရေးကို ဆွေးနွေး တိုင်ပင် အဖြေရှာတာ ကုသလသမဂ္ဂရဲ့ အသုံးစရိတ်တွေ ပိုမို ကုန်ကျရုံက လွဲလို့ အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ်။ သို့သော် မြန်မာ ပြည်သူတွေကိုတော့ ဂမ်ဘာရီရဲ့ ခြေလှမ်းတွေကနေ မရေရာတဲ့ မျှော်လင့်ချက်တွေ ပေးပြီး မြန်မာ့ နိုင်ငံရေး ပြဿနာတွေ တနေ့ ပြေလည်လာနိုးနဲ့ စောင့်စားရင်း အချိန်ကုန်ကြရုံသာ ရှိပါတော့တယ်။
(မဇ္ဈိမသတင်းစာမျက်နှာမှ ကူးယူဖေါ်ပြသည်၊)

ဆယ်စုနှစ်၏ အကြီးမားဆုံး ဆန္ဒပြပွဲကြီးနှင့် စစ်အုပ်စုပဋိပက္ခ၊ နိုင်ငံအလားအလာ

ကျော်လင်းဦး

၁၉၉၇ ခုနှစ်က စတင်ရေတွက်လျင် ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲကြီး တရပ် ယမန်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကို ပြန်လွှတ်ပြီးတဲ့နောက် ပထမဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီပွဲကို ကိုမင်းကိုနိုင်တို့ကပဲ ဦးဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုကို ရပြီး ပူးပေါင်း ပါဝင်လာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အခြေအနေအရ အစိုးရရဲ့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုဟာ ပြည်သူလူထု လူတန်းစား ပေါင်းစုံကို ထိခိုက်တဲ့အတွက် အားလုံးက ပူးပေါင်း ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရက်ပိုင်းတွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေကို ကျင်းပဖို့ ကျောင်းသားတွေနှင့် လူထု လှုပ်ရှားသူတွေက ပြင်ဆင်နေပါတယ်။ ဒါဟာ ပြည်သူလူထုက တက်တက်ကြွကြွ ပါဝင်ရမယ့် ဒီမိုကရေစီ စနစ်အတွက် ကောင်းတဲ့ အလားအလာပါ။ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများကိုလည်း ပြည်သူလူထုက လက်မခံရင် ဘယ်လို အမိန့်ဥပဒေမှ ချောချောမွေ့မွေ့ အကောင်အထည် ဖေါ်လို့မရဘူး ဆိုတာ သင်ခန်းစာ ပေးလိုက်သလို ရှိပါတယ်။
ဒါပေမယ့် ပြည်သူလူထုကို တရားဝင် မကြေညာဘဲ စက်သုံးဆီ ဈေးနှုန်းတွေ တိုးမြှင့် လိုက်တာဟာ စစ်အစိုးရ အဖွဲ့ထဲ အခက်အခဲ ကြီးကြီးမားမား ရှိနေပြီလား။ အားပြိုင် လွန်ဆွဲပွဲ ဖြစ်နေပြီလား။ လူထုကို ဂရုမစိုက် လုပ်ချင်ရာလုပ်တဲ့ အကျင့်ကြောင့်လား။ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲလား ဆိုတာတော့ ကျနော့်အထင် တပတ်လောက် စောင့်ကြည့်ရမယ် ထင်ပါတယ်။
စစ်တပ်ထဲမှာ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ချင်တဲ့ သူတွေ ရှိနေပြီလားလို့ ထင်စရာပါ။ ပြည်သူလူထုကို တမင် ဆူပူအောင် လုပ်ပြီး နောက်တခါ အာဏာသိမ်းမယ်ပေါ့။ ဒီလိုဆိုခဲ့ရင် ဖြစ်နိုင်ခြေ များတာကတော့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ဈေးနှုန်း ကိစ္စတွေကို တိုက်ရိုက် စီမံ ခန့်ခွဲနေတဲ့ နအဖ ဒုဥက္ကဌ ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အပေါင်းအပါတွေ ဘက်ကပဲ ဖြစ်ဖို့ များပါတယ်။ တိုင်းပြည်အတွက် မဟုတ်ပါ၊ အချင်းချင်းအကြား အာဏာလုရေး ဖြစ်ပါတယ်။ ပြည်တွင်းက ကြားတဲ့ သတင်းတွေအရ ဗိုလ်မောင်အေးနဲ့ အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြီးတဲ့နောက် ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းသစ်မှာ နေရာရစရာ လမ်းမမြင်တဲ့ အတွက် လက်ရှိ လမ်းပြမြေပုံ ခုနှစ်ချက်နဲ့တကွ အခြေခံ ဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်ကြီးကို ကန့်ကွက်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် နအဖအတွင်းမှာ ဟိုယခင်က ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွှန့် အပါအ၀င် တော်တော်များများက ထောက်ခံခဲ့တဲ့ အတွက် ဒီကိစ္စ ဟာ အတည် ဖြစ်ခဲ့ရတာပါ။ ဗိုလ်သန်းရွှေကလည်း ဒီအခင်းအကျင်းသစ် အတွက် လွန်ခဲ့တဲ့နှစ် တော်တော်ကြာကြာ ကတည်းက ပြင်ဆင်ထားခဲ့တာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ရုပ်လုံး ပေါ်လာရေးကို လိုလားပါတယ်။ သူ့နောက်မှာ လိုလားတဲ့ အုပ်စုကတော့ ဗိုလ်ရွှေမန်း အပါအ၀င် တပ်တွင်းက လူငယ်ခြေတက် အုပ်စုဖြစ်ပြီး အဖိုးကြီးတွေ တပ်စည်းဝိုင်းထဲက ထွက်သွားမယ့် ကာလကို စောင့်မျှော်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ မတိမ်းမယိမ်းထဲက အဖိုးကြီးတွေနဲ့အတူ နိုင်ငံရေး စည်းဝိုင်းထဲကို လိုက်သွားမယ့် သူကတော့ ဒီနေ့ အတွင်းရေးမှုး ၁ နဲ့ ယာယီ ၀န်ကြီးချုပ်အပြင် ဖွဲစည်းပုံ အခြေခံ ဥပဒေကို တာဝန်ခံ ရေးဆွဲနေရတဲ့ ဗိုလ်ချုပ် သိန်းစိန်ပါ။
ဒီလို အခြေအနေမှာ ဗိုလ်မောင်အေးနဲ့ သူလူတွေအတွက်ကတော့ နေရာ သိပ်မရှိပါဘူး။ အထူးသဖြင့် ဗိုလ်မောင်အေးနဲ့ ပတ်သက်နေတဲ့ စီးပွားရေး သမားတွေက၊ လက်ရှိ အခြေအနေမှာရော၊ အနာဂတ်မှာပါ၊ ဗိုလ်သန်းရွှေလူ ကိုတေဇကို ယှဉ်နိုင်ဖို့ အခြေအနေ မရှိပါဘူး။ ဗိုလ်မောင်အေး အနေနဲ့လည်း နိုင်ငံရေး စည်းဝိုင်းထဲ လိုက်သွားရေး နံပါတ် ၁ နေရာ မရဘဲ၊ ၂ အဆင့်နဲဘဲ ကျေနပ်ရမှာ ဖြစ်ပြီး၊ တပ်တွင်းမှာ ကျန်ခဲ့ဖို့ကလည်း လက်ရှိ သူ့အသက်အရွယ်အရ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဗိုလ်မောင်အေးဟာ ဒီအခြေအနေကို ပြောင်းပြန် လှန်ပစ်လိုပါတယ်။ ဒီလို လှန်ပစ်နိုင်အောင် သေသေချာချာ အကွက်ကျကျ စီစဉ်မှ ဖြစ်မယ် ဆိုတာကိုလည်း အနှစ် နှစ်ဆယ် နအဖ သမိုင်းက သက်သေ ခံနေပါတယ်။ ဒါကြောင့် ဒီ့အရင် အဖြစ်အပျက် နှစ်ရပ်နဲ့ သွေးတိုး စမ်းခဲ့ပြီးပါပြီ။ တရပ်ကတော့ သွားလေသူ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မိသားစုကို ရှင်းလင်းတုန်းက ဖြစ်ပြီး နောက်တရပ်ကတော့ ဦးနေ၀င်းထက် ပိုမို အဆိပ်ပြင်းတဲ့ ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွှန့် နဲ့ ထောက်လှမ်းရေး တတပ်လုံးကို ရှင်းတုန်းက ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် နှစ်ရပ်မှာ ဗိုလ် မောင်အေးကပဲ အသာစီး ရခဲ့တာကြောင့် ဗိုလ်မောင်အေးက လက်ရှိ အခြေအနေမှာ မြဲနေပြီး တပ်ချုပ်ကြီးရဲ့  အားကိုးအားထားပြု ခြင်းကို ခံနေရပါတယ်။ ဒါပေမယ့့် 
ဗိုလ်ချုပ်ညွှန့်တင် လာဘ်စားမှုကို စစ်ဆေးရင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေကတော် ဒေါ်ကြိုင်ကြိုင်ရဲ့ ဒေါ်လာ သန်းပေါင်းများစွာ လာဘ်စားမှု ဖိုင်တွဲကိုလည်း ဗိုလ်ချုပ်မောင်အေးက ကိုင်ထားပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေကိုပင် ဗိုလ်နေမြဲ၊ ကျားနေမြဲ နေဖို့ ပြောထားတဲ့ သတင်းကလည်း ရှိနေတော့ ဗိုလ်မောင်အေးက ဗိုလ်သန်းရွှေက ဘာဖြစ်လို့ အခွင့်ရတုံး မဖြုတ်ချလဲဆိုတာ စဉ်းစားစရာပါ။
ဖြစ်နိုင်တာက ဗိုလ်မောင်အေးမှာ ရင်ဆိုင်စရာ ပွဲကြီးပွဲကောင်း တရပ်က ရှိနေပါသေးတယ်။ မျိုးဆက်သစ်တွေကိုလည်း ရှင်းလင်းရမယ့် ပွဲပါ။ စီးပွားရေးသမား အများစုက ဗိုလ်ရွှေမန်း နေရာ ရလာစေချင်နေတာကို တွေ့ရတယ်။ ဒီအတွက် ဗိုလ်မောင်အေးမှာ အကြံပိုင်ဖို့ လိုပါတယ်။ ပိရိဖို့ လိုပါတယ်။ သေချာဖို့ လိုပါတယ်။ ပြီးတော့ လက်ဦးဖို့ လိုပါတယ်။ ဒီလို ဖြစ်ဖို့အတွက် အခြေအနေတွေ ရှုပ်ထွေးနေဖို့ လိုမှာ ဖြစ်တဲ့အတွက် ရှုပ်ထွေးနေတဲ့ အခြေအနေ တရပ်ကို စတင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထု လမ်းပေါ်ထွက်လာရင် ဒီနေ့ အခြေအနေက ၈၈ အခြေအနေလို ခေါင်းဆောင်မဲ့ မဟုတ်တာရယ်၊ ပိုမို ရင့်ကျက်လာတဲ့ နိုင်ငံရေး သမားတွေ၊ ပိုမို ရင့်ကျက်လာခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရယ်ကြောင့် မြန်မာပြည် အပြောင်းအလဲကို ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ဖွယ်ရာ ကြီးကြီးမားမားကိုလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ် ဆန္ဒပြပွဲတွေ ထပ်ဖြစ်ဖို့ တာဆူနေတဲ့ သတင်းတွေလည်း ပျံ့ နှံ့နေပါတယ်။ ဒါကြောင့် အခြေအနေတွေကို သီးတင်းပတ် တပတ် ကြာတဲ့အထိ စောင့်ကြည့်ရဦးမှာ ဖြစ်သလို နောက်လာမယ့် သတင်းပတ်တွေ အတွင်းမှာ နအဖအတွင်း နောက်ထပ် အာဏာသိမ်းပွဲတွေ ထပ်ဖြစ်လာမယ့် အရိပ်အယောင်တွေ ပေါ်ပေါက် လာလေမလားလို့လည်း စောင့်မျှော်နေမိပါတယ်။

(မဇ္ဈိမသတင်းစာမျက်နှာမှ ကူးယူဖေါ်ပြသည်၊)