Saturday, August 14, 2010

ဒုတိယ လူ

သူ့အတွက်တော့ ကျနော်ဟာ အမြဲတမ်း ဒုတိယလူပါပဲ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူ နဲ့ ဧည့်ခံပွဲတစ်ခုမှ ဆုံစည်းခဲ့ရတယ်။ ဒီကနေ နောက် ၇ လ၊ ၈ လ လောက် ကြာတဲ့ အခါ အစည်းအဝေးတစ်ခုမှ ထပ်တွေ့ပြန်တယ်။ ဒီလိုနဲ့ပဲ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရေးလုပ် ဖေါ်ကိုင်ဘက်တွေ ဖြစ်သွားတော့ တာပါပဲ။
+ + + + + + + +

ဘ၀ ဆိုတာ ဒီလောက် ဆန်းကျယ်လွန်းလိမ့်မယ်လို့ အစကတည်းက မထင်ခဲ့မိဘူး။

ဧည့်ခံပွဲတစ်ခုမှ ခဏတာ ဆုံခဲ့ပြီး တိတ်တခိုးဖြစ်ရတဲ့သူကို နောက်ထပ် ပြန်တွေ့လိမ့်မယ်လို့လည်း ဘယ် လိုမှ မထင်ခဲ့ဘူး။ တကယ်တမ်းတော့ အဲဒီလို မတွေ့တာကမှ ပိုကောင်းသေးတယ်လို့ အခုတော့ ကျနော် ထင်နေမိပြီ။ ဒါပေမယ့် နိုင်ငံရေးလှုပ် ရှားမှုတစ်ခု လုပ်ဖို့အတွက် အစည်းအဝေးတွေ ကျင်းပတဲ့အခါ သူ ပြန် ပါလာခဲ့တယ်။ လူတွေရဲ့ ထုံးစံအတိုင်း အစည်းအဝေး လုပ်စ မှာ လူစည်ပေမယ့် နောက်ပိုင်းမှာ တစ်စ ထက် တစ်စ အကြောင်းအမျိုးမျိုးနဲ့ ပျောက်ကွယ်ကုန်လို့ သူ နဲ့ ကျနော် အပါအ၀င် လေး၊ ငါး ခြောက် ယောက်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ကျနော်တို့ စိတ်မပျက်ပဲ ခရီးဆက်ခဲ့ကြတယ်။

အမှန်အတိုင်းပြော ယင် အဲဒီ ကာလတွေဟာ ကျနော့်အတွက်တော့ အပျော်ဆုံး ကာလတွေပေါ့။ သူနဲ့ ကျနော် လက်တွဲပြီး နိုင်ငံရေး တာဝန်တွေ ထမ်းရွက်မယ်၊ ဒီ ဒေသရဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို တတ်နိုင် တဲ့ ဘက်က ပံ့ပိုးကြမယ်လို စိတ်ကူး ယဉ်မိတဲ့အချိန်လည်းဖြစ်နေပါတယ်။ လူငယ်တစ်ယောက်ရဲ့ အားမာန် နဲ့ အတက်ကြွဆုံး ကာလတွေ လည်းဖြစ်နေပြန်ပါတယ်။ ဒီလို ကာလတွေသိပ်တော့ ကြာရှည်မခံပါဘူး။

သူ့ကို ချစ်တယ်လို့ ကိုယ့်ကိုယ်ကို နားလည်လာလို့ ချစ်တယ်လို့ ဖွင့်ပြောဖို့ ပြင်ဆင်နေတဲ့ ကာလမှာပဲ သူ့ ရည်းစား ရှိနေမှန်း သိလိုက်ရပါတော့တယ်။ သူ့ရည်းစား နဲ့ မိတ်ဆက်ပေးတဲ့ ညနေက ကျနော်တို့ အားလုံး ဘီယာ ထိုင်သောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျနော် မမူးခဲ့ဘူး။ အဲဒီ ဘီယာဝိုင်းက အပြန်မှာ ကျနော် တခြား သူငယ်ချင်းတွေနဲ့ ထပ်သောက်ဖြစ်သေးတယ်။ အဲဒါလဲ မမူးတော့ဘူး။ ဒီတိုက်ပွဲမှာ ကျနော် ကျရှုံးသွားပြီလို့ ကိုယ့်ကိုယ်ကို ခံယူလိုက်တယ်။

တကယ်ဆိုယင် အဲဒီ ညနေက ကျနော် ချစ်တဲ့အကြောင်းကို ဖွင့်ပြောဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် ကျနော် မပြောဖြစ်ခဲ့ပါဘူး။ သူ့ ရည်းစားကိုပဲ ခေါင်းညိတ်အသိအမှတ်ပြုခဲ့မိတယ်။ သူနဲ့ ကျနော်လည်း အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်း အဖြစ်နဲ့ပဲ နေ တော့မယ်လို့ ကိုယ့်ကိုယ်ကို နားချမိတယ်။ ဒီအပိုင်းမှာတော့ ကျနော် အောင်မြင်ပါတယ်။ ကျနော့်ရဲ့ ခံစားချက်ကို ဘယ်သူမှ မရိပ်မိသွားဘူးလေ။ သူတောင် ရိပ်မိရဲ့လားလို့ သံသယ ၀င်မိသေးတယ်။ ဒါပေမယ့် မိန်းကလေးပဲလေ မျက်ဝန်းတွေကို စာ ဖတ်တတ်မှာပေါ့။

x x x x x x x x x x x x

တကယ်တန်းတော့ သူက သူ့ခေတ်သူ့အခါက ကျောင်းသူခေါင်းဆောင် တစ်ယောက်။ နိုင်ငံရေးလှုပ်ရှား မှုတွေ တော်တော် များ များမှာ အတွေ့အကြုံရှိပြီးသား။ ဒီဒေသကြီး တစ်ခုလုံးရဲ့ လူငယ်လှုပ်ရှားမှုတွေမှာ လည်း ဦးဆောင်နေတဲ့သူ။ တက်ကြွတယ်၊ ဖျတ်လတ်တယ်၊ ဦးဆောင်နိုင်တယ်၊ အရာရာမှ တည်ငြိမ်ရင့် ကျတ်ပြီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချတတ်တဲ့သူ။ တကယ်တော့ သူ့အပေါ်မှာ ကျနော် ချစ်တာထက်ပို ပါတယ်။ လေးစားတယ်။ ဂုဏ်ယူတယ်။ အားပေးတယ်။ သူ့ဘက်က အမြဲ ရပ်တည်ပြီး နေ ချင်တယ်။ ဒါ ကျနော် ဆန္ဒတွေပါ။

ဒါကြောင့် အခင်မင်ဆုံး မိတ်ဆွေသူငယ်ချင်းတွေ အဖြစ်ပဲ နေကြဖို့ ကျနော် ဆုံးဖြတ်လိုက်တော့တာပေါ့။ နောက်တော့လည်း သိပ် မကြာခင်မှာ ကျနော် စိတ်တွေ အနည်ထိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့နဲ့တော့ တွေ့ဖြစ်၊ ဆုံးဖြစ်ဆဲပဲလေ။ ကျနော်တို့အားလုံး က တက်ကြွတဲ့ လူငယ်တွေဖြစ်တာကြောင့် ဒီအသိုင်းအ၀ိုင်း ထဲမှာတော့ အားလုံးရှိနေကြဆဲပဲလေ။

ဒီလိုနဲ့ နိုင်ငံရေးအခြေအနေတွေ အပေါ်မှာ သူ စိတ်ဓါတ်ကျစရာတွေဖြစ်လာတယ်။ ဒါကြောင့်လဲ သူ နိုင်ငံ ခြားထွက်ဖို့၊ ပညာ သင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ဘ၀ အတွက် ဒါဟာ လည်းအကောင်းဆုံးရွေးချယ်မှုပဲလေ။ ကျနော့် ပတ်ဝန်းကျင်မှာ သူမရှိတော့တဲ့ အတွက်လည်း ကျနော်ဘက်က ပိုကောင်းလိမ့်မယ်လို့ ကျနော်စဉ်း စားမိတယ်။ ကျနော့် ဘ၀ ပိုတည်ငြိမ်လာ မလားပေါ့လေ။ တစ်ကြိမ်တစ်ခါက တိတ်တခိုး ချစ်ခဲ့မိတဲ့အတွက် ဒီလောက်နဲ့ပဲ အဆုံးသတ်ချင်နေပြီလေ။ ဘ၀မှာ ဒီလို အဖြစ်မျိုးလည်း နောက် ထပ် မကြုံချင်တော့ဘူးလေ။ သု့ဘ၀ တိုးတက်ဖို့အတွက် သူထွက်သွားတာ အကောင်းဆုံးဖြစ်သလို ကျနော့်အတွက်လည်း အကောင်း ဆုံးလို့ ကျနော် ယူဆနေမိတယ်။

ဒီလိုနဲ့ ကျနော်တို့ ပြန်ဝေးသွားခဲ့ပြန်တယ်။ ကျနော့် ဘ၀က လည်း တစ်ဆစ်ချိုးပြောင်းသွားပြန်တယ်။ ဒီလို နဲ့ ဘ၀မှာ ကျင်လည်ကူးခတ်ယင်း မေ့သလောက်ရှိသွားပြန်တယ်။ သူဟာ တချိန်တုန်းက ပတ်သက်ခဲ့ဘူး တယ်ဆိုတာလောက်နဲ့ တစ်စခန်း ရပ်သွားခဲ့တယ်လို့ ဆိုရမှာပေါ့လေ။ ကျနော် ကျေနပ်ပါတယ်။ အဖြစ် အပျက်တွေကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ချင်ပြီ။ ဘ၀ မှာ တွေ့ခဲ့ကြုံခဲ့ရတာလေးနဲ့ပဲ ကျေနပ်လိုက် ချင်ပြီ။ ဒါပေမယ့်လည်းလေ……………..

= = = = = = = = = = = = = = = = =

ဒါပေမယ့် ကျနော့် ဘ၀ကို ဒီလောက်နဲ့ မရပ်စေချင်ကြဘူးထင်တယ်။ သူပြန်လာတယ်။ သူပြန်လာတာမှ ထိုင်းကိုပဲ ပြန်လာတာ မဟုတ်ဘူး။ ကျနော့်ဆီကို ပြန်လာခဲ့တယ်။ တည်ငြိမ်စ ပြုနေတဲ့ ရေပြင်ကို ခဲလုံး တစ်လုံး ကျလာသလိုပဲ။ ကျနော် တိတ်တခိုး ချစ်ခဲ့တဲ့ သူ ကျနော့် ဆီကိုလာတာ ကျနော် မပျော်ပဲ ဘယ်နေ ပါ့မလား။ ဒါပေမယ့်လည်း ကျနော့်မှာ စိုရိမ်မှုတွေ၊ မောဟ တွေ၊ သောကတွေလည်း ပြန်ဝင်လာခဲ့ပါတယ်။ သူ ကျနော့်ဘေးမှာရှိနေတာဟာ ကျနော်အတွက် ပျော်စရာဖြစ်ပေမယ့် ကျနော် မပျော်နိုင်ဘူး။ သူ တခြား တစ်ယောက်နဲ့ ဖုန်းပြောနေယင် ကျနော် မပျော်နိုင်ဘူး။ သူဖုန်းပြောနေတာ ဘယ်သူမှန်းမသိပေမယ့် ကျနော် စိုးရိမ်နေတယ်။ သူတစ်ယောက်ယောက်နဲ့ ချက်တင် လုပ်တယ်ဆိုယင် ကျနော် ကျနော် စိတ်တွေ ဂယောက်ဂယက် ဖြစ်နေတော့တာပါပဲ။

ဒါပေမယ့် ကျနော် ဘာ တတ်နိုင်မှာလဲ။ ကျနော် ချစ်တယ်လို့ မပြောချင်တော့ဘူး။ ချစ်တယ်ဆိုတဲ့ စကားကို ကျနော် သိမ်းထား လိုက်ဖို့ ဟိုအယင်ကတည်းက ဆုံးဖြတ်ထားလိုက်ပြီးသားလေ။ ဟိုအယင်ကတည်းက ကျနော်ဟာ သူ့အတွက် ဒုတိယ လူပါ။ အခုလည်း ကျနော်ဟာ ဒုတိယ လူပဲ ဖြစ်လိမ့်မယ်လို့ ထင်နေတယ်။ ဒီလောက်နဲ့ပဲ ကျနော် ကျေနပ်လိုက်ပါပြီ။

% % % % % % % % % % % %