Thursday, August 21, 2008

ညီမလေး နှင်းနု

သြော်……. ညီမလေး နှင်းနု၊ ခုတော့ဖြင့် ဘယ်ဆီဘယ်ဝယ်ကိုရောက်နေရော့မယ်မသိ။

ဘာလိုလိုနဲ့ ညီမလေး အမိ မြန်မာပြည်ကထွက်ခွာသွားတာ ဆယ်စုနှစ်တစ်ခုတောင်ရှိရော့မယ်။ ကိုယ်လဲလေ ဘာထူးလို့လဲ။ သူနဲ့ မရှေးမနှောင်းပဲ မြန်မာပြည်ကထွက်ခွာလာခဲ့မိသည်။ ခုတော့ဖြင့် ကိုယ့်တို့လွမ်းလွန်းလှသော အမိမြန်မာပြည်ကြီး ပြန်ဖို့လမ်းက ဘယ်ဆီဘယ်ဝယ်မှာရှိနေသည်မသိ။ ထို့အတူ ညီမလေးနှင်းနုလည်း ဘယ်ဆီဘယ်ဝယ်သို့ရောက်နေသည်မသိ။

- - - - -

` အကို . . . . ညီမ ပညာတွေဆက်သင်ချင်တယ်´

` ပညာ ဆက်သင်ချင်ယင် . . . . ကြိုးစားပေါ့ ညီမရယ်´

` အင်းဟုတ်တယ်. . . နိုင်ငံခြားထွက်မှပဲ ကျောင်းဆက်တတ်လို့ရမှာ။ ဒီမှာက ကျောင်းတွေက ဖွင့်လိုက် ပိတ်လိုက်နဲ့´

သူတစ်နေရာဆီကို တွေတွေလေးငေးကြည့်နေယင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

` အကို သိလား. . . ညီမတော့လေ ပညာတွေသင်ပြီးယင် ဒီကိုပဲပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်အလုပ် လုပ် ချင်တယ်´

`ကောင်းတာပေါ့ ညီမရယ်။ နောင်တစ်ချိန်မှာ လူငယ်ပညာတတ်တွေ အများကြီးလိုလာမှာ။ အဲဒီအချိန်မှာ ညီမတို့ အကိုတို့ ပညာ တွေ တတ်ထားတော့ တစ်တတ်တစ်အားပေါ့ ညီမလေးရယ်´

ထိုနေ့က အင်းလျားကန်စောင်းတွေ နေညိုသည်အထိ ထိုင်ဖြစ်ကြသည်။ ထို့နောက် တစ်ပတ်အကြာတွင် University of Wisconsin မှ ကျောင်းလက်ခံစာရပြီးနောက် သူလဲ ကျောင်းတတ်ဖို့ကိစတွေနှင့် ရှုတ်ရှက်ခက်သွားတော့သည်။ ကျနော်နှင့် သူ သိပ်မတွေ့ဖြစ်တော့။ သူ့ ပက်စပို့ရရှိရေး၊ ဗီဇာရရှိရေးတို့ကို သူ့အိမ်မှလိုက်လုပ်ပေးနေသဖြင့်လဲ ကျနော်နှင့် တွေ့ခွင့်မသာတော့။ ထိုအချိန်က ကျနော်တစ်ယောက်တည်းသာ ငေါင်စင်းစင်းနှင့် အင်းလျာကန်ဘောင်ဘေးတွင် သွားသွားထိုင်ဖြစ်သည်။

+ + + + +

သူမသွားခင် တစ်ရက် သူတို့အိမ်တွင့် နှုတ်ဆက်ပွဲကျင်းပသည်။ ထိုပွဲအတွက် ကျနော်ကိုလဲ လာဖို့ဖုန်းဆက်ပြီးဖိတ်ရှာသည်။ သို့ သော် ကျနော့်မှာ သူ့အိမ်သို့ သွားဖို့ရာ ချီတုံချတုံဖြစ်နေသည်။ သူ့အိမ်သို့တစ်ခါမှ မရောက်ဖူးဘူး၊ ထို့ပြင် သူတို့မိသားစု၊ အထူးသ ဖြင့် သူ့မိဘများက ကျနော်လာတာကို နှစ်သက်ပါ့မလားဆိုတာကို ကျနော်သေချာစဉ်းစားရသည်။ သူမသွားခင် သူနဲ့လဲတွေ့ချင် သည်။ သူတို့က ဘာသာခြားတစ်ယောက်ဖြစ်သော ကျနော့်ကို သိပ်မပတ်သက်စေချင်းမှန်း အကြမ်းဖျင်းတော့သိထားသည်။ ထို့ပြင် အခု သူတို့သမီးက နိုင်ငံခြားမှာ ပညာသွားသင်မယ့်သူ။ ကျနော့်အခြေအနေက ခုထိ ဘာမှန်းညာမှန်းရေရေရာရာမရှိသေး။

သို့သော် ဘာပဲဖြစ်ဖြစ် ကျနော် စွန့်စားပြီး သူ့အိမ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူကလဲ လာခဲ့ဖို့သာပြောပြီး သူ့မိဘတွေကိုလဲ ကျနော် လာမည့်အကြောင်းပြောထားပြီးပြီဟုဆိုသည်။

x x x x x x

ထိုနေ့ ညနေခင်းသည် ထင်တာထက် ပိုချမ်းမြေ့ဖို့ကောင်းသည်။ နှုတ်ဆက်ပွဲဟုသာဆိုတော့လဲ မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ် တွေသာရှိသည်။ အပြင်လူဆိုကျနော်တစ်ယောက်တည်း။ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်တွေကိုတောင် မဖိတ်။ ကျနော်က ဘာ လို့မဖိတ်တာလဲ ဆိုတော့ `ဒါက မိသားစုပွဲ သက်သက်ပါ´ ဟုဆိုသည်။

သူ့အမေက အိမ်အနောက်ဘက်တွင် စားပွဲတွေပြင်နေတုန်း ဧည့်ခန်းထဲမှာ သူရယ်၊ သူ့အဖေရယ်၊ ကျနော်ရယ် ထိုင်ပြီး စကား ပြောဖြစ်သည်။ သူ့အဖေက ကျနော်မိဘ နာမည်နဲ့ အလုပ်အကိုင်တွေကို မေးပြီး ကျနော့် ဘ၀ ရည်မှန်းချက် စတာတွေကို ပြော ဖြစ်ကြသည်။ ခဏ နေတော့ သူ့အမေ၀င်လာပြီး စားဖို့အဆင်သင့်ဖြစ်ကြောင်လာပြောလေသည်။ သို့နှင့် သူတို့ မိသားစုရယ်၊ ဆွေ မျိုးများရယ်၊ ကျနော် ရယ် စာပွဲရှည်ကြီးတွင်း ၀ိုင်းထိုင်ယင်း သူ့အမေ၏ လက်ရာ အသုတ်စုံကို စားကြလေသည်။ သူတို့မိသားစုမှာ ကျနော်ထင်ထားသည် ထက် ပိုမိုဖေါ်ရွေကာ ကျနော့်အတွက်တော့ ကြည်နူးစရာတွေသာဖြစ်တော့သည်။ သူ့ ညီမလေးနှင့် မောင် လေးကလဲ ကျနော့်ကို ခင်ခင်မင်မင် ပြုံးပြရှာသည်။ သမီးအကြီးဆုံးတစ်ယောက် နိုင်ငံခြားသို့ ပညာတော်သင် သွားမည့်အတွက် အားလုံးက ဂုဏ်ယူမဆုံး လည်း ရှိနေကြဟန်တူသည်။

အသုတ်စုံကြိုတ်တတ်သော ကျနော့်အတွက် သူက နောက်တစ်ပွဲပြင်ပေးသောအခါ အားလုံးက အကဲခတ်သလို ကြည့်နေတာကို ကျနော် သတိထားလိုက်မိသည်။ အားလုံးစားသောက်ပြီးသောအခါ အားလုံးက သူ့အုပ်စုနဲ့သူ စကားတွေပြောဖြစ်နေကြသည်။ သူ့ အဖေက ကျနော့်ကို အေးအေးဆေးဆေးပေါ့ ကွာဟု တစ်ခွန်းသာပြောယင် သူ့ဆွေမျိုးများနှင့် စကားကောင်းနေတော့သည်။ ကျနော် နှင့် သူကသာ ဧည့်ခန်းက ဆက်တီမှာ ထိုင်ယင်း ဘာဆက်ပြောရမှန်းမသိပဲ ငုတ်တုတ်ထိုင်နေမိသည်။ ခဏကြာတော့ သူက အိမ်ရှေ့ဘက် ခဏထွက်ရအောင်ဟု ဆိုယင်း ခြံထဲက အုတ်ခုံလေးပေါ်မှာ နှစ်ယောက်တည်း ထိုင်မိကြသည်။

သူနှင့်ကျနော် ဘာသာမတူသဖြင့် မိဘတွေက မကြည်ဖြူချင်ကြောင်း သိထားသော ကျနော့်မှာ ဖေါ်ရွေလွန်းပြီး နားလည်မှုအပြည့်ရှိ သော သူ့မိဘတွေကို တွေ့ရတော့ မယုံနိုင်လောက်အောင် ဖြစ်ရသည်။ သူကလဲ ကျနော့်အကြောင်း သူ့မိဘတွေကို တစ်စွန်းတစ်စ မက ပြောထားနှင့် ပြီးဖြစ်လိမ့်မည်။ ထို့အပြင် နိုင်ငံခြားသို့ ပညာတော်သင်သွားတော့မည့် သူတို့ သမီးကြီးအပေါ်တွင်လဲ စိတ်ချယုံ ကြည်မှု ရှိထားပုံရသည်။ သူတို့ မိသားစုအတွင်း အရာရာ ပွင့်ပွင့်လင်းလင်းရှိမှုကပင် ကျနော့်အတွက် အထင်ကြီးလေးစားစရာဖြစ် သည်။

ကျနော့် ကိုယ်ကလဲ သူ့ကို စိတ်ချမ်းသာစေချင်သည်။ ဝေးရပ်မြေကို ထွက်သွားရမှာဖြစ်ပေမယ့် သူလိုလားသော ပညာရေးကိုရှာ ဖွေရန်သွာမှာ ဖြစ်သည့်အတွက် ကျနော် ကျေနပ်ရသည်။ သူ့ဆုံးဖြတ်ချက်အတိုင်း အကောင်းအထည်ဖေါ်ရာတွင် ကျနော်တစ် ယောက်တည်းအတွက်တော့ ဖြင့် နောက်ဆံမတင်းစေချင်။ သူပျော်လျှင် ကျနော် ကျေနပ်ရမည်ပေါ့။

အုတ်ခုံလေးပေါ် ထိုင်မိကြယင် နှစ်ဦးသား အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြသည်။ တစ်အောင့်ကြာမှ သူက စတင်

` အကို . . . ညီမ မသွားခင် တစ်ခုခုပြောဦးလေ´

`ညီမ ကျန်းမာရေးကို ဂရုစိုက်၊ ပြီးတော့ စာကိုလည်းကြိုးစား´

ကျနော်ပြောလိုက်တော့ သူ့မျက်နှာလေး ညှိုးကျသွားပြီး နှုတ်ခမ်းလေးခပ်စူစူဖြစ်သွားရသည်။ သူပြောစေချင်သည်မှာ ဒီစကားတွေ မဟုတ်မှန်း ကျနော် နားလည်လိုက်သည်။

`အကို့ကို ညီမ seriously ပြောစရာရှိတယ်´

ကျနော်က ဘာလဲ ဟူသောသဘောဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

`ညက ဖေကြီးတို့၊ မေကြီးတို့နဲ့စကားပြောဖြစ်တယ်။ အဓိကတော့ ညီမရဲ့ အိမ်ထောင်ရေးကိစကိုပြောဖြစ်ကြတာပါ။ ညီမက အခု ဟိုကိုရောက်ယင် Bachelor စတက်ရမှဆိုတော့ အနည်းဆုံးလေးနှစ်ကြာဦးမှာ။ ပြီးတော့ တကယ်လို့များ အခွင့်အရေးရယင် further studies လဲ ဆက် တတ်ချင်တတ်ဦးမှာဆိုတော့ ဘယ်လောက်ကြာမယ် မသိဘူး။ အဲလိုနဲ့ ဆက်စပ်ပြောယင်း ညီမရဲ့ အိမ် ထောင်ရေးကိစကိုရောက်သွားတာ။ သူတို့က ညီမကို ဘာသာခြားနဲ့ လက်မထပ်စေချင်ဘူး၊ လူမျိုးမတူတာက သိပ်ပြနာမရှိပေ မယ့် ဘာသာချင်း မတူတာကိုတော့ လုံးဝ လက်မခံနိုင်တဲ့အကြောင်းဝိုင်းပြောကြတယ်။´

ဒီတစ်ခါ ငြိမ်သွားရသူကတော့ ကျနော်ရယ်ပါ။

သူနဲ့ ကျနော်ကြားမှာ ဘာသာတရားဟာ အခရာ ဖြစ်လာမယ်မှန်း ဟိုးအယင်ကတည်းက သိထားပေမယ့် အခုလိုပြောလာတော့လဲ ကျနော် မှာဖြေစရာ ဘာမှမရှိဖြစ်ရသည်။ ဒီလိုအချိန်မျိုးကို ရောက်လာမယ်မှန်း အစကတည်းက ကြိုသိထားပေမယ့် တကယ်တမ်း ရောက်လာတော့လဲ ကျနော့်မှာ ပြန်ပြောစရာ အဆင့်သင့်မရှိခဲ့။ သို့နှင့် သူကိုသာ တွေတွေကြည့်ယင်း ကျနော့်မျက်ရည်တွေကို အားတင်း သိမ်းဆည်းမိခဲ့သည်။ သူ့မျက်ဝန်းတွေမှာလဲ မျက်ရည်ကြည်တွေဥနေတာ တွေ့လိုက်ရပေမယ့် ကျနော် မျက်နှာလွှဲခဲ့မိ သည်။

= = = = = =

သူ နိုင်ငံခြားသို့ ထွက်သွားပြီး မကြာခင် ကျနော်လဲ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပညာသင်ခွင့်ရသည်။ ပညာသင်ခွင့်ပြီးဆုံးတော့ ထိုင်း နိုင်ငံတွင်ပင် အခြေချယင် ဘ၀ ကိုလှုပ်ရှာရုန်းကန်နေမိသည်။ တစ်ခါတစ်ခါတော့လဲ သူကို သတိရမိသည့်အခါများရှိသည်။ သိုသော်လဲ သူကတော့ ဘယ်ဆီဘယ်ဝယ်ရောက်ပြီမှန်းမသိ။

သူနှင့် ကျနော့် ကြားမှာ ဘာသာရေးအရ ခြားနားခဲ့သည်မှာ မှန်သော်လည်း ထိုအရာများမှာ ကျနော်တို့ ဖန်းတီးခဲ့သည်မဟုတ်။ကံ ကြမာတရားကသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူရော ကျနော့်တွင်ပါ အပြစ်မရှိ။ သို့ဆိုလျှင် ဘာသာခြားကို မယူရဟု ပညတ်ထား သော သူ့မိဘတွင်ရော အပြစ်ရှိသလားဟု ဆိုမူ အပြစ်မရှိ။ သူတို့ကလဲ သူ့သမီး၏ စိတ်ချမ်းသာရေးကို ရှေးရှုပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။ ဘာသာမတူသူအချင်းချင်း လက်ထပ်အိမ်ထောင်ရေး အနိဌာရုံများ ခံစားခဲ့ရသူတို့ ကျနော့်တို့ရှေ့တွင်ရှိနှင့် နေ ပေလိမ့်မည်။ သို့သော် ကျနော်တို့အလှည့်တွင် ထိုသို့ ဖြစ်မည်ဟုတော့ တထစ်ချ ပြောမရ။ သို့သော် အားလုံးကတော့ ပြီးဆုံးသွား ခဲ့လေပြီ။

သူလဲ အခုလောက်ဆို ဘာသာတူသူတစ်ဦးဦးနှင့် ပျော်ရွင်စွာ ပေါင်းဖက်နေပေလိမ့်မည်။ ကျနော့်မှာတော့ ဘာသာမတူ၊ လူမျိုးမတူ သော တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် အမိမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ် တင်ရုံမှလွဲအခြားမည်သည့် နည်းလမ်းမှဖြေသိမ့်စရာ ရှိတော့မည် မဟုတ်ပေ။